မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်အမှုတွင် တရားခံရှေ့နေမှ အာမခံထပ်လျှောက်

မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်အမှုတွင် တရားခံရှေ့နေမှ အာမခံထပ်လျှောက်

 

ရန်ကုန်၊ မေ ၃၀ ။         ။ ဓမ္မတာနှင့် ဆန့်ကျင်သော အဓဓ္ဓမပြုကျင့်မှု ပုဒ်မ ၃၇၇ ဖြင့်် တရားရင်ဆိုင်နေရသည့် မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်မျိုးထွဋ် အတွက် တောင်ဥက္ကလာတရားရုံးတွင် ဒုတိယအကြိမ်အဖြစ် အာမခံထပ်လျှောက်ခဲ့ကြောင်း တရားခံရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးသက်ကပြောသည်။

“ ခရိုင်ကိုမတင်သေးဘူးပေါ့။ ဒီရုံးမှာပဲ ကျွန်မအာမခံထပ်လျှောက်ခဲ့တယ်။ ကျွန်မလူကကျန်းမာရေးလည်းနည်းနည်းညံ့လာတယ်။ နောက်ပြီး ၆ လပိုင်းမှာ က သွေးစစ်ဖို့လည်းရှိတယ်။ နောက်ပြီး သူသောက်နေရတဲ့ဆေးက ART က Second Line လို့ပြောတယ်။ အဲ့တာကထောင်ထဲမှာ မရဘူးလို့လည်း ပြောတယ်။ အပြင်မှာဝယ်ရမယ်ပေါ့နော်။ သီးခြားမှာရတယ်လို့ပြောတယ်။ အဲ့ဒီ့ဆေးသောက်နေရတာပေါ့ ကိုအောင်မျိုးထွဋ်က “ ဟု ၄င်းကဆိုသည်။

မေလ ၃၀ ရက်နေ့ ဦးအောင်မျိုးထွဋ်ကို တောင်ဥက္ကလာပတရားရုံးတွင် ၆  ကြိမ်မြောက်ရုံးထုတ်အပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးမကောင်းဟုဆိုပြီး လျှောက်ထားခဲ့သော  ပထမအကြိမ် အာမခံလျှောက်ထားမှုကို မေလ ၂ ရက်နေ့ ရုံးချိန်းတွင် တောင်ဥက္ကလာပမြို့နယ်တရားသူကြီးမှ ပယ်ချခဲ့သည်။

ယနေ့ ရုံးချိန်းတွင် တရားလိုအပါအဝင် တရားလိုသက်သေ ၁၁ ယောက်ရှိသည့်အနက် နှစ်ဦးကို စစ်မေးခဲ့ခြင်းဖြစ်ပြီး လာမည့်ရုံးချိန်းကို ဇွန်လ ၁၃ ရက်နေ့သို့ တရားသူကြီးမှ ချိန်းဆိုလိုက်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မယ့်လိမ်လုံရှမ်းရိုးရာ စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ် ဆိုသူက ၎င်း၏ဝန်ထမ်းဖြစ်သူ စားပွဲထိုးဝန်ထမ်းအမျိုးသားကို ၂၀၁၈ခုနှစ် မတ်လ ရ ရက် ညပိုင်းတွင် အဓမ္မ ပြုကျင့်ခဲ့ကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းမှ သိရသည်။

ထို့နောက် ၀န်ထမ်း အမျိုးသားကို ငွေကျပ် ၂၅၀၀ ကျပ်နှင့် ဖုန်းဘေ ၃၀၀၀ ကျပ်ဖြည့် ပေးခဲ့ကြောင်း ရဲဘက်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါစားသောက်ဆိုင်ပိုင်ရှင်ကို တောင်ဥက္ကလာပမြို့နယ်တရားရုံး၌ ရာဇဝတ်ကြီး မှုအမှတ် ၂၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၇ အရ "အဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တစ်သက် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ် အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဟု ပြဋ္ဌာန်းထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly