အင်အားသုံးဖြိုခွဲခံရမှုနှင့် ပတ်သတ်ပြီး စစ်ပွဲရပ်ဆန္ဒပြသူများက နိုင်ငံတော်သမ္မတ ထံသို့ တိုင်ကြားစာပေးပို့

အင်အားသုံးဖြိုခွဲခံရမှုနှင့် ပတ်သတ်ပြီး စစ်ပွဲရပ်ဆန္ဒပြသူများက နိုင်ငံတော်သမ္မတ ထံသို့ တိုင်ကြားစာပေးပို့

မေ ၃၀။        ။ တာမွေမြို့နယ်တွင် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရန် ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်သူများက အင်အားသုံးဖြိုခွဲခံရမှု နှင့် ပတ်သတ်ပြီး နိုင်ငံတော် သမ္မတအပါအဝင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် သက် ဆိုင်ရာအဖွဲ့ ၁၄ခုသို့ တိုင်ကြားစာများပေးပို့ထားပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မေ၃၀ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်လင်းပွဲတွင် တရားစွဲဆိုခံထားရသော ငြိမ်းချမ်းရေးလှုပ်ရှားသူများကပြောသည်။

"ရှစ်ယောက်လုံးအကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်အသေးစိတ်နဲ့ ဒီဟာမတရားဘူး။ ဒါကိုထိထိရောက်ရောက်အရေးယူဖို့ လူ့အခွင့်အရေးမှာတာဝန်ရှိပါတယ်။ ဒါကိုအမြန်ဆုံးနဲ့စိစစ်ပြီး အရေးယူပေးဖို့ဆိုတဲ့ အချက်တွေပါပါတယ်။ စု စုပေါင်း ၁၄ခုလောက်ကို တိုင်ကြားထားတယ်။ ဒီနေ့ဘဲ စာတိုက်ကနေပို့တယ်။ ပြီးတော့ လူအခွင့်ရေးကော်မရှင်ကို လူကိုယ်တိုင်သွားပြီးတော့ ပို့တယ်" ဟု စစ်ပွဲများရပ်တန့်ရန် ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲတွင် ပါ၀င်ခဲ့သူ မခင်စန္ဒာထွန်းကပြောသည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လွတ်တော်အသီးသီး၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ တရားစီရင်ရေးတရားဥပဒေစိုးမိုးရေး နှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ရေးကော်မတီ၊ တိုင်းဥပဒေချုပ်ရုံး စသည်တို့ကို တိုင်ကြားထား ကြောင်းသိရသည်။

ထို့အပြင် ယခုကဲ့သို့ အင်အားသုံး ဖမ်းဆီးမှုများကြောင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများမှာ ရပ်တန့်သွားမည်မဟုတ်ပဲ  ဆက်လက်ပြီး စစ်ပွဲများရပ်တန့်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Generation Wave အဖွဲ့မှ မအိအိမိုးကပြောသည်။

"တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေက ငြိမ်းချမ်းရေးကိုတောင်းဆိုနေကြတယ်။ စစ်ပွဲရပ်ဖို့ပြောနေကြတယ်။ ကျွန် မတို့ ၁၇ယောက်ကို တရားစွဲလို့ ၈ယောက်ကို အကြမ်းဖက်ဖမ်းဆီးလို့ လှုပ်ရှားမှုတွေက ရပ်သွားမှာတော့မဟုတ်ဘူး။ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး စစ်ပွဲတွေရပ်ဖို့အတွက် ဆက်လက်လုပ်ဆောင်မှုတွေ ရှိတယ်" ဟု ၎င်းကပြော သည်။

စစ်ပွဲများရပ်တန့်ရန် ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်မှုသည် လက်နက်ကိုင်ပြီး တိုက်နေသည့် မည်သူကိုမဆို စစ်ပွဲ များရပ်တန့်ခိုင်းခြင်းဖြစ်ကြောင်း အဖမ်းဆီးခံခဲ့သူများကပြောသည်။

မေလ ၁၂ ရက်က တာမွေမြို့နယ်တွင် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရန် ငြိမ်းချမ်းရေးဆန္ဒပြပွဲ၌ ပါဝင်သော ကိုဇေယျာလွင်၊ ကိုဖိုးစိုး၊ ကိုတင်ထွဋ်ပိုင်၊ မစန္ဒီထွန်းအပါအဝင် ရှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ထို့နောက် မေ ၁၃ရက်တွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး လက်ရှိ တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။ လက်ရှိ တာမွေမြို့နယ် ဆန္ဒပြပွဲတွင် ပါ၀င်ခဲ့သူ ၁၇ဦးကို သက်ဆိုင်ရာက ငြိမ်းစုစီဥပဒေပုဒ်မဖြင့် တရားစွဲဆို ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly