အရှေ့တောင်အာရှအထိတက်လှမ်းနိုင်မည့် Mobile Legend ဂိမ်းပြိုင်ပွဲ အတွက် ရန်ကုန်တွင် လက်ရည်စစ်မည်

အရှေ့တောင်အာရှအထိတက်လှမ်းနိုင်မည့် Mobile Legend ဂိမ်းပြိုင်ပွဲ အတွက် ရန်ကုန်တွင် လက်ရည်စစ်မည်

 

ရန်ကုန်၊ မေလ ၃၀ရက် ။                       ။ အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်မည့် Mobile Legends Southeast Asia Cup 2018 (MSC 2018) သို့ စရိတ်ငြိမ်းပါ၀င်ယှဉ်ပြိုင်နိုင်မည့် Moblie Legend ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်သည်။

MSC 2018 MM Qualifier ဟု အမည်ပေးထားသည့် ၄င်းပြိုင်ပွဲတွင် ပါ၀င်လိုသူများအနေဖြင့် အခမဲ့ပါ၀င်ယှဉ်ပြိုင်နိုင်ပြီး ပထမ မှ အဌမအထိ ရရှိသူများကို ဆုပေးအပ်ကာ ပထမရရှိသည့် အသင်းကို MSC 2018 Main Event ပွဲသို့ ပါ၀င်ယှဉ်ပြိုင်စေမည်ဖြစ်သည်။ ၄င်းပြိုင်ပွဲကို Mobile Legends ထုတ်လုပ်သည့် Shanghai Moonton Technology Co,Ltd မှ Game Cast Network Myanmar နှင့်ပူးပေါင်း၍ စီစဉ်ထားသည်။

MSC 2018 MM Qualifier တွင် ပါ၀င်လိုသည့်အသင်းအရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်သူများ ပါ၀င်နိုင်မည်ဖြစ်သည်။   လျှောက်လွှာများဖြည့်သွင်းနိုင်ရန်အတွက် လက်ရှိအချိန်တွင် စီစဉ်နေပြီး Game Cast Network Myanmar ၏ ဖေ့ဘုတ်စ်စာမျက်နှာမှလည်း ကြေငြာပေးသွားမည်ဖြစ်သည်။

"ကျွန်တော်တို့က open qualifier ကို ဇွန်၂၅ ရက်နေ့ကနေ ဇူလိုင်၁ရက်နေ့အထိ ထားလိုက်တာဗျ။ အသင်းအရေအတွက်ကလည်း ကန့်သတ်ထားတာမရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အရင်တုန်းကလုပ်ခဲ့တဲ့ပွဲအတွေ့အကြံုအရပြောရမယ်ဆိုရင် ဒီထဲမှာတင်ပဲအသင်း ၄၀၀ လောက်မှန်းတယ်ခင်ဗျ။ လူအနေနဲ့ပြောရင် လူအယောက် ၂၀၀၀ လောက် ၀င်ပြိုင်မယ်လို့မှန်းထားတယ်။ အသင်း ၄၀၀ လောက်ကို သူတို့အချင်းချင်းညှိဆော့ဖို့ တစ်ဆင့်ချင်းဆီတက်တက်ပြီးဆော့သွားဖို့ဆိုတာ အချိန်တော့လိုတယ်ဗျ အဲဒီအတွက်ကြောင့်မို့လို့ ၂၅ ရက်နေ့ကနေ ၁ ရက်နေ့အထိဆိုတဲ့ အချိန်ယူထားလိုက်တာခင်ဗျ qualifier ကို" ဟု Game Cast Network Myanmar မှ ကိုစိုးမိုးအေး က မဇ္စျိမကို ပြောပြသည်။

မြန်မာနိုင်ငံတွင်ပြုလုပ်မည့် MSC 2018 MM Qualifier အတွက် ဆုကြေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၀၀၀ (ကျပ်သိန်း၈၀ခန့်) ပေးအပ်သွားမည်ဟု ဖော်ပြထားသည်။ ပထမဆုအတွက် အမေရိကန်ဒေါ်လာ (၂၅၀၀) နှင့် ဂိမ်းတွင်အသုံးပြုသော Diamond(၁၀၀,၀၀၀) ၊ ဒုတိယဆုအတွက် အမေရိကန်ဒေါ်လာ (၁၂၀၀) နှင့် ဂိမ်းတွင်အသုံးပြုသော Diamond (၅၀,၀၀၀) ၊ တတိယဆုအနေဖြင့် အမေရိကန်ဒေါ်လာ (၈၀၀) နှင့် ဂိမ်းတွင်အသုံးပြုသော Diamond (၂၅,၀၀၀) ၊ စတုတ္တဆုအတွက် အမေရိကန်ဒေါ်လာ (၅၀၀) နှင့် ဂိမ်းတွင်အသုံးပြုသော Diamond  (၁၅,၀၀၀) ၊ ပဥ္စမဆုမှ အဌမဆုအတွက် အမေရိကန်ဒေါ်လာ (၂၅၀) နှင့် ဂိမ်းတွင်အသုံးပြုသည့် Diamond  (၅၀၀) တို့ ပေးအပ်သွားမည်ဖြစ်သည်။

"တော်တော်ကောင်းပါတယ် ဂိမ်းကိုအဓိပ္ပာယ်ရှိရှိကစားလာရတော့။ အရင်တုန်းကဆိုရင် ဘာမျှော်လင့်ချက်မှမရှိဘဲကစားရတော့ အချိန်ကုန်တာပဲအဖက်တင်ပါတယ်။ အခုဆိုရင်ကျွန်တော်တို့ငွေကြေးတွေပါလာပြီ နိုင်ငံခြားတွေဘာတွေသွားရတော့မယ်ဆို ကျွန်တော်တို့အတွက်အများကြီးကောင်းပါတယ်" ပြိုင်ပွဲတွင်ပါ၀င်မည့် Goal အဖွဲ့မှ ကိုဝေယံမြင့်က ပြောသည်။

MSC 2018 MM Qualifier ၏ အစောပိုင်းပွဲစဉ်များကို ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁ရက်နေ့အထိ အွန်လိုင်းပေါ်တွင်ကျင်းပသွားမည်ဖြစ်သည်။ အွန်လိုင်းအဆင့်ပွဲစဉ်များတွင် အနိုင်ရရှိသောထိပ်ဆုံး ၈ သင်းအား Junction Square Area တွင် ဇူလိုင်လ ရ ရက်နေ့နှင့် ဇူလိုင်လ ၈ ရက်နေ့၌ အခမ်းအနားပြုလုပ်ပေးသွားမည်ဖြစ်သည်။ ၄င်း ၈ သင်းတွင် နယ်မှယှဉ်ပြိုင်သူများ ပါဝင်လျှင် ရန်ကုန်မြို့သို့ စရိတ်ငြိမ်း ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားသည်။

"၈ သင်းပဲရွေးသွားမှာဆိုတော့ ဒါကဘောလုံးပွဲမှာလိုမြင်အောင်ပြောပြမယ်ဆိုရင်တော့ ရှုံးထွက်ပုံစံပေါ့နော် နှစ်သင်းတွေ့မယ် တစ်ပွဲပဲဆော့ရမယ်။ အဲဒီပွဲထဲမှာမှရှုံးထွက်ပုံစံနဲ့ တစ်ဖွဲ့ဆင်းခဲ့မယ်။ ပြီးတော့မှနောက်တစ်ဆင့်တက်သွားမယ်။ ပြီးသွားရင်တစ်ဆင့်နဲ့တစ်ဆင့်တက်နေမယ် နောက်ပြီးတော့မှ ၈ သင်းပဲ ရွေးထုတ်သွားမှာ"ဟု Game Cast Network Myanmar မှ ကိုစိုးမိုးအေး က မဇ္စျိမကို ပြောပြသည်။

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်မည့် Main Event တွင် အရှေ့တောင်အာရှ ရ နိုင်မှ အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယခင် Mobile Legends Southeast Asia Cup 2017 တွင် အရှေ့တောင်အာရှ ၅ နိုင်ငံမှ အကောင်းဆုံး ၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကစားသမားပေါင်း ၃၅,၀၀၀ စာရင်းပေးသွင်းခဲ့သည်။ ၄င်းအစီစဉ်မှ တိုက်ရိ်ုက်ထုတ်လွှင့်သည့်ပွဲစဉ်များကို ကြည့်ရှု့သူပေါင်း ရ သန်း ရှိခဲ့သည်။ ၂၀၁၇ ချန်ပီယံဆုကို ထိုင်းနိုင်ငံမှ (IDONOTSLEEP) မှ ရရှိခဲ့ပြီး Runner-up ကို အင်ဒိုနီးရှားနိုင်ငံမှ (SALTY SALAD) တို့မှ ရရှိခဲ့ကြသည်။

"မြန်မာနိုင်ငံကမိဘတွေကတော့ ကျွန်တော်တို့ဆိုလည်း အစကတော့ခွင့်မပြုဘူးလုံးဝခွင့်မပြုဘူး။ ကျွန်တော်ဆိုရင်လညး်ဂိမ်းဆော့တာအိမ်မှာလုံးဝဆော့လို့မရဘူး။ အဲဒီတော့ ကျွန်တော်အိမ်မှာမနေတော့ဘူး။ အိမ်မှာမနေတော့ဘဲ သူငယ်ချင်းတွေနဲ့သွားဆော့တယ်။ နောက်တော့ Huawei ပြိုင်ပွဲ သွားပြိုင်တော့ အမေကနည်းနည်းလေး။ ဘယ်လိုပြောမလဲ။ အများကြီးမဆော့ခိုင်းရင်တောင်မှ အရင်လိုအများကြီးမပြောတော့ဘဲ လက်ခံပေးနိုင်တယ်။ ဒီလိုမျိုးနိုင်ငံခြားတွေဘာတွေသွားပြီးဆော့လာမယ်။ ပြိုင်ပွဲတွေဘာတွေနိုင်ဘာမယ်ဆိုရင်တော့ အများကြီးလက်ခံနိုင်မယ်လို့ ယံကြည်ပါတယ်။ မြန်မာနိုင်ငံအခြေအနေအရနဲ့ဆိုရင်တော့ မိဘတိုင်းက လက်မခံပါဘူး" ပြိုင်ပွဲတွင်ပါ၀င်မည့် Goal အဖွဲ့မှ ကိုဝေယံမြင့်က ပြောသည်။

၂၀၁၇ ခုနှစ်တွင် Shanghai Moonton Technology Co,Ltd အား မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် MOBA ကွန်ပျုတာဂိမ်း League of Legends ထုတ်လုပ်ဖြန့်ချီသည့် Riot Game ကုမ္ပဏီက တရားစွဲခဲ့သည်။ ၄င်းနောက် Mobile Legends:5V5 MOBA အမည်မှ Mobile Legends:BangBang အမည်ဖြင့် အပြောင်းအလဲအချို့ပြုလုပ်ကာ ပြောင်းလဲဖြန့်ချီခဲ့သည်။

မြန်မာနိုင်ငံတွင် အခြားအိမ်နီးချင်းနိုင်ငံများကဲ့သို့ eSportsကို တရားဝင်အားကစားနည်းတစ်ခုအဖြစ် အားကစားနှင့်ကျန်းမာရေး ၀န်ကြီးဌာနက အသိအမှတ် မပြုသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly