ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ NLD ညီလာခံကို ဇွန်လနှောင်းပိုင်းကျင်းပမည်

ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ NLD ညီလာခံကို ဇွန်လနှောင်းပိုင်းကျင်းပမည်

 

ရန်ကုန်၊ မေ ၃၀ ။                     ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဒုတိယအကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို လာမည့် ဇွန်လနှောင်းပိုင်းအတွင်း ကျင်းပသွားမည်ဟု အခမ်းအနားကျင်းပရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ကပြောသည်။

“ လာမယ့် ဇွန် ၂၃၊ ၂၄ မှာရန်ကုန်မှာလုပ်မှာပါခင်ဗျ။ MCC ပေါ့ မြန်မာကွန်ဗန်းရှင်းစင်တာခန်းမမှာပါ။ အဲ့ကနေပြီးတော့ မူဝါဒတွေချမှတ်တာတွေ၊ နောက်ပြီးအဖွဲ့ချုပ်ကို ဆက်ဦးဆောင်သွားဖို့ ဗဟိုကော်မတီဝင်တွေအားဖြည့်တာ၊ တိုးချဲ့ရွေးချယ်တာ နောက်ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ လစ်လပ်တာကို အားဖြည့်တာ တိုချဲ့သွားတာ ဒါတွေလည်းပါတယ် “ဟု၄င်းကဆိုသည်။

မေလ ၂၆ ရက်က NLD ရန်ကုန်ရုံးချုပ်တွင် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ကျင်းပရေးကော်မတီ ကိုအဖွဲ့ဝင် ၉ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ညီလာခံတတ်ရောက်မည့် လူများကိုရွေးချယ်မှုပြုလုပ်နေကြောင်းလည်း သိရသည်။

သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းများမှ တစ်မြို့နယ်ကို နှစ်ဦး၊ ခရိုင်မှ နှစ်ဦး၊နှင့် တိုင်းမှ ၁ ဦး တတ်ရောက်ခွင့်ရမည်ဟု ဒေါက်တာမျိုးညွှန့်ကဆိုသည်။

ထို့ပြင် ယခုလက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လှုပ်ရှားမှု မှန်သမျှသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ဦးတည်ကြောင်း လည်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံလုံးဆိုင်ရာညီလာခံ ပထမအကြိမ်ကို ၂၀၁၃ ခုနှစ် မတ်လအတွင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ပြုလုပ်ခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly