သမန်းကျား ဝိညာဉ်ဗီဒီယိုဇာတ်ကား အွန်လိုင်းတွင် အခမဲ့ဖြန့်ဝေသွားမည်

သမန်းကျား ဝိညာဉ်ဗီဒီယိုဇာတ်ကား အွန်လိုင်းတွင် အခမဲ့ဖြန့်ဝေသွားမည်

 

ရန်ကုန် မေ ၃၀ ။                    ။ အွန်လိုင်းမှာ အခမဲ့ ဖြန့်ဝေသွားမယ့် သမန်းကျားဝိညာဉ်ဗီဒီယိုဇာတ်ကားရိုက်ကူးရေး ကန်တော့ပွဲကို မေလ ၃၀ ရက်နေ့က ရန်ကုန် ဗိုလ်တထောင် ဘုရား၊ နန်းဦးဓမ္မာရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဇာတ်ကားကို ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ဒဿကျော်စွာက ရိုက်ကူးသွားမှာဖြစ်ပြီး ခေါင်းဆောင်မင်သား အနေနဲ့ ပိုင်တံခွန်၊ အိန်ဂျယ်လမုန် တို့ပါဝင်သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းကို လွန်ခဲ့တဲ့ ၆ နှစ်က ဇာတ်ညွှန်းရေးသား ခဲ့ ပြီး ဇာတ်လမ်းတွဲ ၃ ပိုင်းရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ပထမဇာတ်လမ်းတွဲကို ဗီဒီယိုရိုက်ကူးပြီး ကျန်တဲ့ ၂ ပိုင်း ကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ဆက်လက်ရိုက်ကူးသွား ဖို့ရှိတယ်လို့ စာရေးဆရာ၊ ဒါရိုက်တာ ဒဿကျော်စွာက ပြောပါတယ်။

" ဒီကားက ပထမဆုံးကား ဗီဒီယို၊ ဒုတိယနဲ့တတိယက ရုပ်ရှင်၊ ပထမဆုံးကားကို ဘာလို့ ဗီဒီယိုလုပ်လဲဆိုတော့ ဗီဒီယိုကျတော့ ပေါ့ပေါ့ပါးပါးရှိတယ်၊ ပွင့်ပွင့်လင်းပြောရရင် လိုင်းပေါ်မှာ အလကားဖြန့်မှာ၊ ကျွန်တော်လုပ်ချင်တာ လုပ်လိုက်တဲ့သဘောပဲ၊ ကျွန်တော်တို့အဖွဲ့အားလုံးရဲ့ စုစည်းမှု တစ်ခုပေါ့" လို့ စာရေးဆရာ၊ ဒါရိုက်တာ ဒသကျော်စွာက ပြောပါတယ်။

ဒီဇာတ်ကားမှာ သမန်းကျားနေရာက ပါဝင်သရုပ်ဆောင်မယ့် ပိုင်တံခွန်က နည်းပညာအားနည်းမှုတွေကြောင့် ဒီလို ဇာတ်လမ်းတွေရိုက်ကူးဖို့ စိန်ခေါ်မှုတွေရှိနေပေမယ့် ကြိုးစား ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

" အခု ဒီကားနဲ့ပတ်သက်ပြီးတော့ ကမ်းလှမ်းတဲ့အချိန်မှာ ဇာတ်လမ်းအဝင်အထွက်တွေဘာတွေလည်း အရမ်း သဘောကျတယ်၊ ဒါပေမယ့် ဒါရိုက်နိုင်မရိုက်နိုင်ကျ တော့ ကျွန်တော်တို့အားလုံးကြိုးစားယူရမှာ၊ နည်းပညာပိုင်းကလည်း မြန်မာနိုင်ငံမှာ အရမ်းဖွံ့ဖြိုးတာမရှိတော့ စိုးရိမ်တယ်" လို့ ပိုင်တံခွန်က ပြောပါတယ်။

ဒီဇာတ်လမ်းဟာ ထိတ်လန့်ကြောက်ရွံ့ဖွယ်သက်သက် မဟုတ်ဘဲ ကိုရီးယားဇာတ်လမ်းတွဲတွေလို ကြည်နူးစရာ ကောင်းတဲ့ ဇာတ်ဝင်ခန်းလေးတွေလည်း ပါဝင်သွားမယ် လို့ အိန်ဂျယ်လမုန်ကလည်း ဆိုထားပါတယ်။

" ဒီဇာတ်ကားမှာ အခုကိုရီးယားမှာရှိတဲ့ ဝံပုလွေမင်း သမီးနဲ့ မင်းသားနဲ့ အဲဒီလိုပုံစံမျိုးလေးတွေ ချစ်စရာ ကြည်နူးစရာလေးတွေပါမယ်၊ ဝမ်းနည်းတဲ့အခန်းလေးတွေ လည်း ပါမယ်၊ သမန်းကျားဝိညာဉ်ဆိုတာနဲ့များသော အား ဖြင့် ကြောက်လှန့်ဖွယ်ဇာတ်ကားထင်နေကြတာ၊ အဲဒီလိုဇာတ်ကား မဟုတ်ဘူး" လို့ အိန်ဂျယ်လမုန်ကလည်း ပြောပါတယ်။

ဒီဗီဒီယိုဇာတ်ကားအတွက် နည်းပညာ အထူးပြုလုပ်ချက် တွေအပါအဝင် အိန္ဒိယက ကျားတိရိစ္ဆာန်ထိန်းသိမ်းရေး ကျွမ်းကျင် ပညာရှင်တစ်ဦးကိုလည်း ခေါ်ယူထားတယ် လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားကို လာမယ့် ဇွန်လအတွင်း ရိုက်ကူးပြီး ၃ လအတွင်း ဖြန့်ချိသွားမယ်လို့ လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly