“ရန်ကုန်မှာကစားလို့သာ အနိုင်ရတယ်ဆိုရင် ကျွန်တော်လေ့ကျင့်စရာမလိုတော့ဘူး” အောင်လအန်ဆန်း

“ရန်ကုန်မှာကစားလို့သာ အနိုင်ရတယ်ဆိုရင် ကျွန်တော်လေ့ကျင့်စရာမလိုတော့ဘူး” အောင်လအန်ဆန်း

 

မေ ၃၀၊ ရန်ကုန်။                             ။ မြန်မာနိုင်ငံတွင် ထိုးသတ်သည့်ပွဲအားလုံးကို အနိုင်ရထားပြီး ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုကို ရယူထားသည့် ဝမ်းမစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းက ၎င်းအနေဖြင့် ရန်ကုန်မှာကစားတိုင်း အနိုင်ရသည်ဆိုပါက ပြင်ဆင်လေ့ကျင့်စရာပင် လိုမည်မဟုတ်ဟု ပြောဆိုလိုက်သည်။

အောင်လအန်ဆန်းသည် ဝမ်းမစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဇွန် ၂၉ တွင် ရန်ကုန်မြို့၌ ဂျပန်ကစားသမား ကန်ဟက်ဆီဂါဝါနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲမတိုင်မီ မီဒီယာများနှင့် skype မှတစ်ဆင့်တွေ့ဆုံမေးမြန်းပွဲတွင် အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်လေ့ကျင့်မှုကသာအဓိကကျသည်ဟု အစချီပြီး အောင်လအန်ဆန်းက “ရန်ကုန်မှာကစားရတဲ့အခါ မြန်မာပရိသတ်တွေ အားရအောင် ပြင်ဆင်မှုနဲ့ ပိုဆိုင်တယ်။ ပြင်ဆင်မှုကောင်းရင် အောင်မြင်မှုက ရလာလိမ့်မယ်။ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ပြင်ဆင်မှုကအရေးကြီးတယ်။ ရန်ကုန်ဖြစ်လို့နိုင်တယ်ဆိုပြီး အယူမရှိပါဘူး။

ရန်ကုန်မှာကစားတိုင်းနိုင်မယ်ဆိုရင် ကျွန်တော်ပြင်ဆင်မှုကို မလုပ်တော့ဘူး။ ဘာမှလုပ်စရာမလိုတော့ဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်အဲဒီလိုမျိုး အယူမရှိပါဘူး။ ရန်ကုန်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ပြင်ဆင်မှုကို ကောင်းကောင်းမွန်မွန်နဲ့ ကြိုးစား ပြီးတော့၊ အားထုတ်ပြီးတော့ အောင်မြင်မှုရတယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု ပြောသည်။

မူလက ဘရာဇီးကစားသမားနှင့်ယှဉ်ပြိုင်ရရန်ရှိနေရာမှ ပြိုင်ဘက်ပြောင်းလဲသွားသော်လည်း လေ့ကျင့်သည့်နည်းစနစ်များ အပြောင်းအလဲ သိပ်လုပ်စရာမလိုဘဲ နည်းဗျူဟာပိုင်းသာပြောင်းလဲလေ့ကျင့်နေကြောင်း အောင်လအန်ဆန်းက ဆိုသည်။

ပြိုင်ဘက်ဖြစ်လာမည့် ကန်ဟက်ဆီဂါဝါနှင့်ပတ်သက်ပြီး ဂျပန်ကစားသမားများမှာ ခံနိုင်ရည်လွန်စွာကောင်းမွန်ကြောင်း၊ ပွဲအနည်း ငယ်ရှည်ကြာမည်ဟုထင်ကြောင်း၊ ပရိသတ်အကြိုက်အကောင်းဆုံးကစားပေးမည်ဖြစ်ကြောင်းနှင့် ပွဲအချီကိုမူ ခန့်မှန်းနိုင်ခြင်း မရှိကြောင်းဆိုသည်။

ကန် ဟက်ဆီဂါဝါသည် ဝမ်းချန်ပီယံရှစ်အတွေ့အကြံုမရှိသေးသော်လည်း ဂျပန်နိုင်ငံတွင် မစ်ဒယ်ဝိတ်တန်း၌အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပြီး အားသာချက်မှာ   ခြေချုပ်စွမ်းအားနှင့်   ပြင်းထန်သောကန်ချက်များဖြစ်ကာ ပြိုင်ဘက် ၅ ဦးတွင် ၄ ဦးကို အလဲထိုး အနိုင်ယူထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly