တရုတ်စတော့စျေးကွက်ကို ကမောက်ကမဖြစ်အောင်လုပ်ခဲ့ကြောင်း စီးပွားရေးဂျာနယ်လစ် ၀န်ခံ

တရုတ်စတော့စျေးကွက်ကို ကမောက်ကမဖြစ်အောင်လုပ်ခဲ့ကြောင်း စီးပွားရေးဂျာနယ်လစ် ၀န်ခံ

ပေကျင်း၊ သြဂုတ်-၃၁ ။         ။ သြဂုတ်လ ၃၀ရက်နေ့က နိုင်ငံပိုင်မီဒီယာ၏ သတင်းပို့ချက်အရ တရုတ်စတော့ဈေးကွက်တွင် အထိတ်တလန့်နှင့် ဝရုံးသုဉ်း ကားဖြစ်စေခဲ့ ပြီးနိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း စီးပွားရေးဂျာနယ်လစ်တစ်ဦးက ဝန်ခံခဲ့သည်ဟု ဆိုသည်။

မကြာသေးမီက တရုတ်စတော့ဈေးကွက် ပြိုလဲမှုနောက်ဆက်တွဲအနေဖြင့် တရုတ်အာဏာပိုင်များက ချိုင်ကျင်းမဂ္ဂဇင်းမှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဝမ်ရှောင်လူကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

စတော့ဈေးကွက်နှင့် ပတ်သက်သည့် သတင်းအမှားများကို လုပ်ကြံဖန်တီးဖြန့်ဝေမှုအတွက် ဝမ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းအရ ၎င်း၏ သတင်းအမှားများက စတော့ဈေးကွက်ကို အထိတ်တလန့်နှင့် ဝရုံးသုဉ်းကားဖြစ်သွားစေပြီး ဈေးကွက်အပေါ် ယုံကြည်မှုကိုလည်း အကြီးအကျယ်ထိခိုက် သွားစေခဲ့သည့် အပြင်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံသူများအတွက်လည်း အကြီးအကျယ် ဆုံးရှုံးသွားစေခဲ့ကြောင်း ဝမ်က ဝန်ခံသွားခဲ့သည်ဟု ဆိုသည်။

ဝမ်က ပြီးခဲ့သည့် ဇူလိုင်လက စတော့ရှယ်ယာကွပ်ကဲရေးမှူးက အစိုးရငွေများ ဈေးကွက်မှ ထွက်ရေး အစီအစဉ်များကို လေ့လာနေသည်ဟု သဘောသက်ရောက်သည့် သတင်းတစ်ပုဒ်ကို ရေးသားခဲ့သည်။ တရုတ် ရှယ်ယာကွပ်ကဲရေးကော်မရှင်က ချိုင်ကျင်းသတင်းကို ချက်ချင်းပင် ငြင်းဆန်ခဲ့ပြီး တာဝန်မဲ့သော အရေးအသားတစ်ခုပင်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။   

ချိုင်ကျင်းကမူ ဥပဒေဘောင်အတွင်းက ဂျာနယ်လစ်များ၏ လုပ်ပိုင်ခွင့်ကို ကာကွယ်ခဲ့ကြောင်း ၎င်း၏ ဝဘ်ဆိုက်တွင် လွှင့်တင်လာသည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ထို့အပြင် တရုတ် ရှယ်ယာဈေးကွက်စောင့်ကြည့်ရေး အဖွဲ့အစည်းမှ အရာရှိတစ်ယောက်နှင့် နိုင်ငံ၏ အဓိက ရှယ်ယာရောင်းဝယ်ရေးကုမ္ပဏီမှ အကြီးတန်းအမှုဆောင်အရာရှိ ၄ယောက်ကိုလည်း တရုတ် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

တရုတ်ရှယ်ယာဈေးကွက်ကွပ်ကဲရေးကော်မရှင်မှ အရာရှိတစ်ဦးဖြစ်သည့် လျူရှုဖန်ကိုလည်း လက်သိပ်ထိုးရောင်းဝယ်မှု၊ လာဘ်ယူမှုနှင့် နိုင်ငံတော်တံဆိပ်တုံးများ အတုလုပ်မှု သံသယများဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

လျူကိုယ်တိုင်ကလည်း သူ၏ မယားငယ်အတွက် ကွာရှင်းမှုနှင့် အခွန်အထောက်အထားများနှင့် ပတ်သက်သော ရုံးတော်၏ ဆုံးဖြတ်ချက်ကို အတုလုပ်ရန်အတွက် နိုင်ငံတော်တံဆိပ်တုံးများကို အတုအပပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

လူသိရှင်ကြား အမှုကြီးများတွင် တရုတ်နိုင်ငံပိုင်မီဒီယာများက သံသယရှိသူများ၏ ဝန်ခံမှုများကို ဖော်ပြလေ့ရှိခဲ့သည်။ ရဲက ဖမ်းဆီးထိန်းသိမ်းထားပြီး အချိန်အတော်ကြာမှ တရားဝင် ဖမ်းဆီးကြောင်းကြေ ညာလေ့ရှိသည့်အပြင် အမှုကို အစိုးရရှေ့နေများထံသို့ လွှဲလိုက်သည့်အခါတွင် စီရင်ချက်ချပြီးသလောက် ဖြစ်နေတတ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly