ဘရာဇီးကုန်ကားသမားများ၏ သပိတ်မှောက်မှု ကိုးရက်မြောက်နေ့သို့ရောက်ရှိ

ဘရာဇီးကုန်ကားသမားများ၏ သပိတ်မှောက်မှု ကိုးရက်မြောက်နေ့သို့ရောက်ရှိ

ဆော်ပေါ်လို၊ မေ ၃၀ ။              ။ ဘရာဇီးနိုင်ငံအစိုးရက သပိတ်မှောက်ပွဲဆင်နွှဲနေသော ကုန်ကားသမားများနှင့် ၄င်းတို့ကြား ပြီးခဲ့သောစနေ၊ တနင်္ဂနွေပိတ်ရက်ကတည်းက သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ယခုအခါတွင် ကုန်ကားသမားများ၏ သပိတ်မှောက်ပွဲသည် အင်္ဂါနေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ၉ ရက်မြောက်နေ့ အထိသို့ ရောက်ရှိလာခဲ့ပြီကာ အခြေခံကုန်ပစ္စည်းများမှာ ပြတ်တောက်နေဆဲဖြစ်သည်။

ရီယိုဒီဂျနေးရိုးမြို့အပါအဝင် အခြို့မြို့များရှိ ဓာတ်ဆီဆိုင်များသည် ယခုအခါတွင် လိုအပ်သောလောင်စာများ ကို နည်းနည်းချင်းစီရရှိလာခဲ့ပြီဖြစ်သော်လည်း ထွက်ခွာခြင်းမရှိပဲ ရပ်တန့်ထားကာ သပိတ်မှောက်နေသည့် ကုန်ကားများ၏အရှည်မှာ မိုင်ပေါင်းများစွာအထိရှိကြောင်း သိရသည်။

နိုင်ငံ၏ စက်သုံးဆီစျေးနှုန်း မတန်မဆမြင့်တက်နေမှုကြောင့် ၎င်းတို့၏ဝင်ငွေများစွာ လျော့ကျသွားသည်ဟု ဆိုကာ နိုင်ငံတစ်ဝန်းရှိ ထရပ်ကားသမားများက လုပ်ငန်းခွင်မဝင်ဘဲ ကားများ ရပ်တန့်ထားကာ သပိတ်မှောက်နေခဲ့ကြခြင်းဖြစ်ပြီး ယခုအခါတွင် ၉ ရက်မြောက်နေ့အထိ ရှိလာပြီဖြစ်သည်။

ထို့ကြောင့် ရီယိုဒီဂျနေရိုးပြည်နယ်မှ ဓာတ်ဆီဆိုင်များတွင် လိုအပ်သောဆီများ အပြည့်အဝရရှိခြင်းမရှိကြောင်း ဆိုင်ရှင်များကငြီးတွားလျက်ရှိသော်လည်း အခြေအနေအားလုံး လာမည့်အပတ်အတွင်း နဂိုအတိုင်း ပြန်လည် ကောင်းမွန်လာမည်ဟု အစိုးရက ဆိုခဲ့သည်။

ရီယိုပြည်နယ်တွင်မူ ဘရာဇီးစစ်တပ်သည် အစားအစာကုန်ပစ္စည်းများသယ်ဆောင်လာသော ကုန်ကား အစီး ၃၀၀ ခန့်ကို စောင့်ကြပ်ပြီး မြို့တွင်းသို့ ခေါ်ဆောင်လာကြောင်း သိရသည်။ ဘရာဇီးနိုင်ငံ၏ အချမ်းသာဆုံးမြို့ ဖြစ်သော ဆော်ပေါ်လိုမြို့တွင်မူ နိုင်ငံတော်အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုလို ကုန်ကားသမားများ၏ သပိတ်မှောက်မှုကြောင့် လက်တင်အမေရိက၏ အရေးပါဆုံးပင်လယ်ဆိပ်ကမ်း ဖြစ်သည့် ဆန်းတို့စ်ဆိပ်ကမ်း၌လည်း ပိတ်ဆို့မှုများဖြစ်ပွားနေပြီး ပို့ကုန်ကုမ္ပဏီများ အရှုံးပေါ်လျက်ရှိသည်။

ဒါ့အပြင် နိုင်ငံ၏သကြားစက်ရုံများကိုလည်း ရပ်ဆိုင်းထားရပြီး သကြားလုပ်ငန်းမှ ကိုယ်စားလှယ်အဖွဲ့၏ အဆိုအရ တစ်နေ့လျှင် ဒေါ်လာ ၄၈.၆ သန်းခန့် အရှုံးပေါ်နေကြောင်း သိရသည်။

ဘရာဇီးအစိုးရသည် ပြီးခဲ့သောတနင်္ဂနွေနေ့ညက ကုန်ကားသမားများအား ဒီဇယ်စျေးနှုန်းကို ၁၂ ဆင့်အထိ လာမည့် ရက် ၆၀ အတွက် စရိတ်လျှော့ချပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း နိုင်ငံတစ်ဝန်းရှိ ကုန်ကားသမား များကမူ ဆက်လက်သပိတ်မှောက်နေဆဲဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly