ပါလက်စတိုင်းက မော်တာကျည်များဖြင့် ပစ်၍ ဂါဇာတွင် အစ္စရေးတို့က လေကြောင်းထိုးစစ်ဆင်ကာ အပြန်အလှန် တိုက်ပွဲဖြစ်

ပါလက်စတိုင်းက မော်တာကျည်များဖြင့် ပစ်၍ ဂါဇာတွင် အစ္စရေးတို့က လေကြောင်းထိုးစစ်ဆင်ကာ အပြန်အလှန် တိုက်ပွဲဖြစ်

 

ဂါဇာစီးတီး၊ မေ ၃၀ ။               ။ ပါလက်စတိုင်းစစ်သွေးကြွများက ဂါဇာမှနေ၍ အစ္စရေးဖက်ကို မော်တာကျည်များဖြင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်လာပြီးနောက် နောက်ဆုံး အပြန်အလှန် တိုက်ပွဲဖြစ်ရာတွင် မေ ၂၉ ရက်၌ အစ္စရေးက ဂါဇာတွင် လေကြောင်းထိုးစစ်ဆင်နွှဲကြောင်း ဂါဇာရှိ လုံခြံုရေးသတင်းရင်းမြစ်၊ ဆရာဝန်များနှင့် မျက်မြင်များက ပြောသည်။

ဂါဇာ-အစ္စရေး နယ်စပ်စည်းရိ်ုးကို ဖောက်ခွဲရေး ပစ္စည်းလာထောင်၍ အစ္စလာမ္မစ်ဂျီဟတ်စစ်သွေးကြွအုပ်စုမှ အဖွဲ့ဝင် ပါလက်စတိုင်းသုံးဦးကို အစ္စရေးတင့်ကားတစ်စီးမှ ပစ်ခတ်သုတ်သင်လိုက်ပြီးနောက် မေ ၂၇ ရက်မှ စတင်ကာ ထိပ်တိုက်တွေ့မှုများ အရှိန်မြင့်မားနေခဲ့ခြင်း ဖြစ်သည်။

“အစ္စရေး တိုက်လေယာဉ်နဲ့ စစ်လေယာဉ်တွေဟာ ဂါဇာကမ်းမြောင်က ဟားမတ်စ်နဲ့ ပါလက်စတိုင်းအစ္စလာမ္မစ် ဂျီဟတ်အုပ်စုပိုင် အစွန်းရောက် နေရာခုနစ်ခုက ပစ်မှတ်ပေါင်း ၃၅ ခုကို လေကြောင်းစီးနင်း တိုက်ခိုက်ခဲ့ပါတယ်။”ဟု အစ္စရေးစစ်တပ်က တွစ်တာတွင် ရေးသားသည်။

“ခု လေကြောင်းထိုးစစ်ဟာ ပါလက်စတိုင်းဂျီဟတ်အစွန်းရောက်အုပ်စုက ယနေ့ နံနက်ပိုင်းမှာ အစ္စရေးဖက်ကို မော်တာကျည်တွေ တရစပ်ပစ်ခတ်ခြင်းကို လက်တုံ့ပြန်ခြင်းပဲ ဖြစ်ပါတယ်။”ဟု အစ္စရေးစစ်တပ်က ဖြည့်စွက်ဆိုသည်။

အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ကမူ အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး တာဝန်ရှိကြောင်း အတည်ပြုလာခြင်း မရှိသေးပေ။

အလယ်ပိုင်း ဂါဇာကမ်းမြောင်တွင် အစ္စရေးလေကြောင်းထိုးစစ်ကြောင့် စာသင်ကျောင်းတစ််ကျောင်း ဆိုးဆိုးဝါးဝါး ပျက်စီးကြောင်း ဂါဇာ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည်။ အထက်တန်းကျောင်းသားများ စာမေးပွဲဖြေနေကြချိန် ကာလဖြစ်ပြီး ယခုကဲ့သို့ လေကြောင်းစီးနင်းမှု ဒဏ်ခံရခြင်းဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိဟု ဆိုသည်။

မေ ၂၉ ရက်က ပါလက်စတိုင်းတို့ဖက်မှ ပစ်ခတ်သော မော်တာကျည်အများစုကို အစ္စရေး၏ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်က ကြားဖြတ်ဖျက်ချနိုင်သော်လည်း မြို့ပြဧရိယာအချို့တွင် ကျရောက်ထိမှန်မှု အချို့ ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly