ဖြတ်တောက်ခဲ့သည့် ဘဏ္ဍာငွေ သိန်းပေါင်း (၁) သိန်းကျော်အား ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲရန် မန္တလေးလွှတ်တော် ပြန်လည်ခွင့်ပြု

ဖြတ်တောက်ခဲ့သည့် ဘဏ္ဍာငွေ သိန်းပေါင်း (၁) သိန်းကျော်အား ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲရန် မန္တလေးလွှတ်တော် ပြန်လည်ခွင့်ပြု

 

မေ၂၉ ။             ။ မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ /၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေစာရင်းများ လျာထားချက်အဆိုနှင့် ပတ်သတ်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ စီစစ်ဖြတ်တောက်ခဲ့သည့် ဘဏ္ဍာငွေ သိန်းပေါင်း (၁) သိန်းကျော်အား ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲရန် မေလ ၂၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး(ဆဋ္ဌမနေ့)က အတည်ပြုလိုက်သည်။

အဆိုပါ ဘဏ္ဍာငွေများကို ကျေးလက်လမ်းဖောက်လုပ်ရေးအတွက် ကျပ်သိန်း (၁၀၀၀၀)၊ ကျေးလက်လျှပ်စစ်မီးရရှိရေးအတွက် ကျပ်သိန်း (၁၀၀၀၀)၊ ပညာရေးနှင့် ကျန်းမာရေးအတွက် ကျပ်သိန်း (၂၀၀၀၀) ၊ သဘာဝဘေးကူညီပံ့ပိုးရေးအတွက် ကျပ်သိန်း (၁၀၀၀၀)၊ ကျေးလက်ဒေသသောက်သုံးရေရရှိရေးအတွက် ကျပ်သိန်း (၅၀၀၀) ၊ အားကစားကဏ္ဍအတွက် ကျပ်သိန်း (၅၀၀၀) ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများအတွက် ကျပ်သိန်း (၅၀၀၀) ၊ နိုင်ငံ့ဝန်ထမ်းအိမ်ယာဆောက်လုပ်ခြင်းအတွက် ကျပ်သိန်း (၂၃၄၆၉.၁၈၀) မန္တလေးမြို့တော် စည်ပင်သာယာရေးလုပ်ငန်းများအတွက် (၁၃၅၁၀) သိန်း သုံးစွဲသွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူကဆိုသည်။

ဆက်လက်၍ ၎င်းက မန္တလေးမြို့တော် စည်ပင်သာယာရေးလုပ်ငန်းများအတွက် သုံးစွဲမည့် (၁၃၅၁၀) သိန်းအား ၆၅ လမ်းနှင့် သိပ္ပံလမ်း ဆုံရာတွင် ရေဆိုးထုတ်ခြင်းများဆောင်ရွက်ရန် ကျပ်သိန်း (၈၅၀၀) ၊ အမှတ် (၄) ရေဆိုးထုတ်စက်ရုံ ဇောင်းကလော အနီး၌ ရေဆိုးထုတ်ခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများအတွက် ကျပ်သိန်း (၃၇၁၀) ၊ မင်္ဂလာမြောင်းအတွင်း ရေထိန်းတံခါးနှင့် ဆက်စပ်သောလုပ်ငန်းများအတွက် ကျပ်သိန်း (၅၀၀) ၊ ပြည်ကြီးတံခွန်မြို့နယ် ရေဝင်ရပ်ကွက်များ ရေကြီးရေလျှံမှုမဖြစ်ပေါ်စရန် ရေပိုထုတ်များတွင် ရေထိန်းတံခါးများ တပ်ဆင်ရန်အတွက် ဆက်စပ်သောလုပ်ငန်းများအတွက် ကျပ်သိန်း (၈၀၀)စသည်ဖြင့် သုံးစွဲသွားမည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဌာနဆိုင်ရာတို့ ညှိုနှိုင်းဆောင်ရွက်ကြရန် ဝန်ကြီးက ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly