လေဆင်နှာမောင်းတိုက်ခတ်ခဲ့သည့် ရွှေပြည်သာမြို့နယ် အခြေအနေ ရန်ကုန်တိုင်းဝန်ကြီးချုပ်သွားရောက်ကြည့်ရှု

လေဆင်နှာမောင်းတိုက်ခတ်ခဲ့သည့် ရွှေပြည်သာမြို့နယ် အခြေအနေ ရန်ကုန်တိုင်းဝန်ကြီးချုပ်သွားရောက်ကြည့်ရှု
ဓါတ်ပုံ - Yangon Region Government

 

ရန်ကုန် မေ ၂၉ ။         ။ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် မေလ ၂၉ ရက်နေ့နံနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့ ပြီး လူနေအိမ်အချို့ပျက်စီးခဲ့မှုအခြေအနေကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြိုလဲသွားသည့် သစ်ပင်များ အမြန်ခုတ်ထွင်ရှင်းလင်းရန်၊ လမ်းမီးတိုင်များ၊မီးကြိုးများ ပြန်လည်တပ်ဆင်ရန် ၊ ရေနှင့်မီး ပုံမှန်သုံးစွဲနိုင်ရန် ကူညီထောက်ပံ့ရေး ရရှိရန် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

မေလ ၂၉ ရက်နေ့ နံနက် ၃ နာရီက တိုက်ခတ်ခဲ့ခြင်းဖြစ် ပြီး ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ဖြစ်သော အမှတ် (၈) ရပ်ကွက်တွင် အိမ်ခြေ (၇၀)အိမ် အမိုးလန်၊ အမှတ် (၉) ရပ်ကွက်တွင် အိမ်ခြေ (၁၀) အိမ် အမိုးလန်၊ အမှတ် (၁၁) ရပ်ကွက်တွင် အိမ်ခြေ (၄၂) အိမ် အမိုးလန်၊ အမှတ် (၁၉ )ရပ်ကွက်တွင် (၁၀) အိမ် အမိုးလန်၊ (၁၀) အိမ်ပြိုကျ၊ အမှတ် (၂၀)ရပ်ကွက်တွင် အိမ်ခြေ (၈၀) အိမ် အမိုးလန်၊ (၂၈) အိမ်ပြိုကျ ခဲ့ပြီး အမှတ် (၂၀) ရပ်ကွက်ရှိ အ.လ.က (၁၃) ကျောင်းတစ်ကျောင်း အမိုးလန်ခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရန်ကုန်တိုင်းအစိုးရ အဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအနေအထားတွင် နေအိမ်များ အမိုးလန်ပျက်ဆီး မှုများရှိခဲ့သလို သစ်ပင်များ ပြိုကျမှုများဖြစ်ပွားခဲ့ခြင်း ကြောင့် သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးများ   ပြုလုပ်နေကြောင်းလည်း သိရသည်။

ယခုအချိန်သည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေသည်။ထို့ကြောင့် မေလ ၂၉ ရက်နေ့မှ ၃၁ရက်နေ့အထိ ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကာ နေရာကွက်ပြီး မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းတို့ ဖြစ်ပေါ်မည်ဟုလည်း မိုးဇလက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly