မိုနာကိုကွင်းလယ်လူ ဖာဘင်ဟိုကို ပေါင် ၄၄ သန်းနဲ့ခေါ်ယူလိုက်တဲ့ လီဗာပူးလ်

မိုနာကိုကွင်းလယ်လူ ဖာဘင်ဟိုကို ပေါင် ၄၄ သန်းနဲ့ခေါ်ယူလိုက်တဲ့ လီဗာပူးလ်

 

မေ ၂၉၊ လီဗာပူးလ်။       ။ အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းဟာ ပြင်သစ်ကလပ်မိုနာကိုအသင်းရဲ့ ကွင်းလယ်ကစားသမား ဖာဘင်ဟိုကို ပေါင် ၄၄ သန်းနီးပါးနဲ့ ခေါ်ယူလိုက်ပါတယ်။

အဲဒီဘရာဇီးလက်ရွေးစင်ကစားသမားဟာ လီဗာပူးလ်အသင်းနဲ့ ဇူလိုင် ၁ ရက်မှ တရားဝင်ပူးပေါင်းရမှာဖြစ်ပေမယ့် ဆေးစစ်ဖို့နဲ့ ၂၀၂၃ ထိ သက်တမ်းရှိမယ့် စာချုပ်အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီချက်တွေရရှိဖို့ တနင်္လာနေ့မှာ အေးဂျင့် ဂျော့ချ်မန်ဒက်စ် နဲ့အတူ အန်ဖီးလ်ကို ရောက်ရှိလာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြောင်းရွှေ့ကြေးအနေနဲ့ ပြင်သစ်လိဂ်-၁ အသင်းထံ ကနဦး ပေါင် ၃၉ ဒသမ ၄ သန်းပေးရမှာဖြစ်ပြီး ပေါင် ၄ ဒသမ ၃ သန်းကိုတော့ ချန်ပီယံလိဂ်ဝင်ခွင့်အပါအဝင် တခြားအောင်မြင်မှုတွေရရှိတဲ့အခါ ထပ်ပေးရမှာဖြစ်ပါတယ်။

ဖာဘင်ဟိုအနေနဲ့ စာချုပ်သက်တမ်းကုန်ရင် ဂျူဗင်တပ်အသင်းထံပြောင်းဖွယ်ရှိနေတဲ့ အမ်မရီချမ်ရဲ့နေရာကို အစားဝင်ရမှာဖြစ်ပြီး နွေရာသီမှာ ပေါင်သန်း ၁၅၀ သုံးစွဲဖွယ်ရှိနေတဲ့ လီဗာပူးလ်အသင်းက ပထမဆုံးခေါ်ယူလိုက်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

နည်းပြကလော့ပ်အနေနဲ့ ဒုတိယရခဲ့ပြီး ဆုကြေး ပေါင် ၆၇ ဒသမ ရ၁ သန်းရခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက အရှိန်ကို ဆက်ထိန်းထားဖို့ဆုံးဖြတ်ထားပြီး တခြားပစ်မှတ်ကစားသမားတွေဖြစ်တဲ့ လိုင်ယွန်ရဲ့ ပေါင်သန်း ၆၀ တန် ကွင်းလယ် ကစားသမား ဖက်ကီယာနဲ့ ရိုးမားဂိုးသမား အယ်လီဆင်တို့ကိုလည်း အရခေါ်ယူချင်နေပါတယ်။

လီဗာပူးလ်ကစားသမားသစ်ဖြစ်လာတဲ့ ဖာဘင်ဟိုက “ဒီအပြောင်းအရွှေ့အတွက် တကယ်စိတ်လှုပ်ရှားမိတယ်။ ကျွန်တော် အမြဲတမ်းပြည့်မြောက်ချင်ခဲ့တဲ့ ဆန္ဒတစ်ခုဖြစ်ပြီး ဒီအသင်းက အသင်းကြီးတစ်သင်းဖြစ်ပါတယ်။

အသင်းရဲ့ဖွဲ့စည်းပုံက ထူးခြားပါတယ်။ ဒီဘောလုံးအသင်းမှာ ကျွန်တော့်ရဲ့သမိုင်းကိုဖန်တီးနိုင်ဖို့ ကြိုးစားသွားမှာပါ။ အသင်းနဲ့အတူ ဆုဖလားတွေရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ခြေစွမ်းတိုးတက်ဖို့နဲ့ အသင်းရဲ့သမိုင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရဖို့ ကြိုးစားသွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly