ကျဆုံးစစ်သည်များ အောက်မေ့ဖွယ်နေ့တွင် အစိုးရအဖွဲ့၏ စွမ်းဆောင်မှုများနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့် အမွှမ်းတင်ပြော

ကျဆုံးစစ်သည်များ အောက်မေ့ဖွယ်နေ့တွင် အစိုးရအဖွဲ့၏ စွမ်းဆောင်မှုများနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့် အမွှမ်းတင်ပြော

မေ ၂၉ ။          ။ အမေရိကန်တွင် မေလ ၂၈ ရက်က ကျဆုံးစစ်သည်များ အောက်မေ့ဖွယ်နေ့ Memorial Day ကျရောက်ခဲ့စဉ် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အစိုးရအဖွဲ့ စွမ်းဆောင်ထားနိုင်မှုများကို အထူးအမွှမ်းတင်ပြောကြားသွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ Memorial Day ကျရောက်သည့် အခိုက်သမယတွင် ထရမ့်က လက်ရှိ ၎င်းတို့ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် တိုးတက်ဖြစ်ထွန်းမှုသမျှတိုင်းအတွက် ကျဆုံးစစ်သည် သူရဲကောင်းများအနေဖြင့် ခုချိန်မှာ ပျော်ရွှင် ဂုဏ်ယူနေကြလိမ့်မည်ဖြစ်ကြောင်း တွစ်တာကနေတဆင့် ပြောကြားသွားခြင်းဖြစ်သည်။

" ဒီကနေ့ဟာ ကျွန်တော်တို့ နိုင်ငံအတွက် အသက်ပေးလှူသွားကြတဲ့ ကျဆုံးစစ်သည်တွေအတွက် အောက်မေ့ဖွယ်နေ့ဖြစ်ပါတယ်၊ ဒီလိုနေ့မျိုးမှာ ကျဆုံးစစ်သည်တွေဟာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိစွမ်းဆောင်ထားနိုင်မှုတွေအတွက် အလွန်ပဲ ပျော်ရွှင် ဂုဏ်ယူနေကြပါလိမ့်မယ်၊ စီးပွားရေးဟာလည်း ဆယ်စုနှစ်တွေအတွင်း အကောင်းဆုံး ဖြစ်နေတယ်၊ အလုပ်လက်မဲ့ဖြစ်မှုနှုန်းကလည်း အနိမ့်ဆုံး ရောက်နေတယ်၊ ကျွန်တော်တို့ရဲ့ စစ်တပ်ကိုလည်း ပြန်တည်ဆောက်နေတာ၊ အများအများကြီး ရှိသေးတယ်၊ အရမ်းကောင်းပါတယ်" ဆိုပြီး ထရမ့်က တွစ်တာကနေတဆင့် ရေးသားသွားသည်။

အဆိုပါ Memorial Day ကို ကျဆုံးစစ်သည်များကို ဂုဏ်ပြုသည့်အနေဖြင့် ယင်းနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိသည့် အခမ်းအနားတစ်ခု ဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် မကြာခဏဆိုသလို တွစ်တာပေါ်ကနေတဆင့် ၎င်း အစိုးရလက်ထက် စီးပွားရေး အခြေအနေကို ကြွားလုံးထုတ်ပြောကြားနေလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly