ရွှေပြည်သာမြို့နယ်၌ မိုးရွာ လေပြင်းတိုက်၊ နေအိမ် ၁၀၀ ကျော် ပျက်စီး

ရွှေပြည်သာမြို့နယ်၌ မိုးရွာ လေပြင်းတိုက်၊ နေအိမ် ၁၀၀ ကျော် ပျက်စီး

ရန်ကုန် ၊ မေ ၂၉ ။           ။ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ ယနေ့ မေလ ၂၉ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် မိုးများ ရွာသွန်းကာ လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် နေအိမ်အလုံး ၁၀၀ ကျော်ခန့် ထိခိုက်ပျက်စီးခဲ့ရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ရွှေပြည်သာမြို့နယ် အမှတ်(၂၀) ရပ်ကွက်ပေါ်တော်မူ(၃) လမ်း ၊ မကွေး (၁/၂/၃) လမ်း ၊ ပြင်ဦးလွင်(၄) လမ်းတို့တွင် နေအိမ် အလုံး (၉၁)လုံးခန့် အမိုးများလန်ကာ ပျက်စီးခဲ့သည်။

ယင်းအပြင် ရပ်ကွက်အတွင်းရှိ အမှတ်(၁၃)အခြေခံ ပညာအလယ်တန်းကျောင်းသည် အမိုးများလန်ခြင်း ၊ သစ်ပင်ကြီးများ လဲပြိုခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါ မြို့နယ် အမှတ်(၉) ရပ်ကွက် မဟာမြိုင်လမ်း၌ ဆက်သွယ်ရေးဖုန်းတိုင် (၂) တိုင် ၊ လျှပ်စစ်မီးတိုင် (၁) တိုင် လဲကျပျက်စီးခဲ့ပြီး နေအိမ် (၆)လုံး အမိုးလန်ကာ ပျက်စီးခဲ့သည်ဟု သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ထိခိုက်ပျက်စီးမှုများအား အမှတ်(၉)ရပ်ကွက်နှင့်အမှတ်(၂၀)ရပ်ကွက်ရှိပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် လူမူကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များက ဝိုင်းဝန်းရှင်းလင်းနေကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly