အသက်အကြီးဆုံး ဝန်ကြီးဖြစ်လာမယ့် ဦးစိုးဝင်းအပေါ် သူတို့ဘယ်လို ရှုမြင်ကြလဲ

အသက်အကြီးဆုံး ဝန်ကြီးဖြစ်လာမယ့် ဦးစိုးဝင်းအပေါ် သူတို့ဘယ်လို ရှုမြင်ကြလဲ

နေပြည်တော်(မေ ၂၈ရက်၊ ၂၀၁၈ခုနှစ်)။         ။ တိုင်းပြည်စီးပွားရေးအတွက် အခရာအကျဆုံး ဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လစ်လပ်နေတဲ့ ဝန်ကြီးရာထူးအတွက် အာဏာရ NLD ပါတီရဲ့ ဗဟိုစီးပွားရေးကော်မတီဝင်ဖြစ်သူ အသက်(၈၀)အရွယ် ဦးစိုးဝင်းကို ခန့်အပ်တာဝန်ပေးဖို့ သမ္မတဦးဝင်းမြင့်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကို အဆိုပြု တင်ပြလိုက်တာကြောင့် လာမယ့် ရက်အနည်းငယ်အတွင်းမှာ ဦးစိုးဝင်းဟာ ပြည်ထောင်စုဝန်ကြီးတာဝန်ကို ထမ်းဆောင်ရတော့မှာပါ။

စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးစိုးဝင်းကို ခန့်အပ်တာဝန်ပေးအပ်မယ့်အပေါ် စီးပွားရေး၊ နိုင်ငံရေးနဲ့ နိုင်ငံရေးပါတီနယ်ပယ်အသီးသီးရဲ့ သဘောထား၊ အမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ဒေါက်တာစိုးထွန်း (ဒုတိယဥက္ကဌ)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

သူ့ရဲ့ Background သူလုပ်ခဲ့တဲ့ အတွေ့အကြံုက နှစ်ပေါင်း (၄၀)လောက် ရှိတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် အတွေ့အကြံုကတော့ ကောင်းတဲ့၊ လက်ခံနိုင်တဲ့ အနေအထားလို့ ကျွန်တော် မြင်ပါတယ်။ တစ်ခုပဲ ရှိတာပေါ့နော်။ အသက်အရွယ်အရတော့ အသက်(၈၀)ဆိုတာ ဘာပဲဖြစ်ဖြစ် ဗမာလူမျိုးတစ်ယောက်အနေနဲ့တော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပါ့မလား။ တွေ့ကြံုရမယ့် Stress တွေ ခံနိုင်ရည် ရှိပါ့မလား။ ဒါလေးတစ်ခုတော့ စိုးရိမ်တယ်။ ကျွန်တော်မှ မဟုတ်ဘူး။ ဒါကတော့ အကုန်လုံးက စိုးရိမ်နေကြတာပေါ့။

အဲ့တော့ ကျွန်တော်တို့က လက်ရှိ ကျွန်တော်တို့ စီပွားရေးလုပ်ငန်းရှင်တွေက စီးပွားရေးတုံ့နှေးနေတယ်။ စီးပွားရေး ကြပ်နေတယ်ပေါ့နော်။ စီးပွားရေးမကောင်းဘူးလို့ ထင်တယ်။ သို့သော်လည်းပဲ World Bank  တို့ IMMF တို့၊ နိုင်ငံတော်အတိုင်ပင်ခံရဲ့ စီးပွားရေးအတိုင်ပင်ခံတို့ဘာတို့ ဒါတွေက ဟိုတုန်းကလည်း စီးပွားရေးကောင်းနေတယ်လိို့ မြင်တာပေါ့နော်။

ပြီးတော့ အစိုးရအဖွဲ့ကလည်း စီးပွားရေးကောင်းနေတယ်လို့ ထင်နေတယ်။ အဲ့ဒီဟာကတော့ ပြဿနာရှိနေတယ်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် လူသစ်ဆိုတော့ လူဟောင်းထက်စာရင်တော့ ပိုကောင်းမယ်လို့ မျှော်လင့်တာပေါ့နော်။

သို့သော်လည်းပဲ ဒီအစိုးရရဲ့ လက်ရှိအနေအထားမှာကိုက သူက အကောင်းဘက် မြင်နေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်ထင်တာ ဒီအတိုင်းသွားရင်တော့ ဘာမှတော့ ပြောင်းလဲဖို့ မမြင်ပါဘူး။

အကြံပေးပါဆိုရင်တော့ လက်တွေ့လုပ်နေတဲ့သူတွေနဲ့ စာတွေ့လုပ်နေတဲ့သူတွေကြားမှာ ကွဲလွဲချက် ရှိနေတဲ့အတွက် အဲ့နှစ်ဖွဲ့ခေါ်ပြီးတော့ အစိုးရက အလုပ်ရုံဆွေးနွေးပွဲလုပ်သင့်တယ်လို့ မြင်တယ်။

တစ်ကယ် (စီးပွားရေး)ဘယ်ရောက်နေသလဲဆိုတာ သုံးသပ်ဖို့တော့ အရေးကြီးတယ်။ တစ်ကယ် စီးပွားရေးကောင်းတယ်ဆိုရင်တော့ ဘာမှလုပ်ဖို့ မလိုဘူးပေါ့နော်။ မကောင်းဘူးဆိုရင်တော့လည်း ဘာတွေ ပြင်ရမလဲပေါ့။ အဲ့ဒါလုပ်ရင်တော့ ပိုကောင်းမယ်လို့ တိုက်တွန်းချင်ပါတယ်။

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

အတွေ့အကြံုလည်း တော်တော်များပြီးတော့ အရည်အချင်းလည်း ပြည့်စုံတယ်ပေါ့လေ။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက်လည်းပဲ တကယ်အလုပ်လုပ်နိုင်မယ့် ပုဂ္ဂိုလ်တစ်ဦးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တစ်ချက်ရှိတာက သူ့ရဲ့ အသက်အရွယ်က အသက်(၈၀)ဆိုတော့ သူ့ကို ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်မယ်ဆိုရင် သူဟာ လက်ရှိအစိုးရအဖွဲ့ထဲမှာ အသက်အကြီးဆုံးဝန်ကြီး ဖြစ်သွားမယ်။

အဲ့တော့ တစ်ဖက်က ပြန်ပြောရင်လည်း ကျွန်တော်တို့ ဒေသတွင်းပေါ့လေ။ မလေးရှားနိုင်ငံမှာတောင်မှ ဒေါက်တာမဟာသီယာမိုဟာမက်ဆိုရင် အသက် (၉၃)နှစ် ကျတော့မှ ဝန်ကြီးချုပ်တာဝန်ယူတာမျိုးကိုလည်း တွေ့နေရတယ်။ ဒါပေမယ့် ကျွန်တော်ဆိုလိုချင်တဲ့သဘောကတော့ အရည်အချင်းရှိတယ်၊ အတွေ့အကြံုများတယ်။ သို့သော်လည်းပဲ အသက်အရွယ်အားဖြင့်တော့ ကြီးမြင့်နေတဲ့ အနေအထားမျိုး ရှိတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ဒီအချက်လေးကတော့ အားနည်းချက်သဘောမျိုး ရှိနေတယ်လို့ ပြောလို့ရတယ်။

ဒါပေမယ့် တကယ်တမ်းကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ တကယ် အားကောင်း၊ မောင်းသန်ပေါ့လေ။ သွက်သွက်လက်လက်နဲ့ ထက်ထက်မြက်မြက် လုပ်နိုင်တဲ့၊ လုပ်နိုင်စွမ်းရှိတဲ့ အစိုးရအဖွဲ့မျိုးကို ဖွဲ့စည်းဖို့ ပိုပြီးတော့ အရေးကြီးတယ်လို့ မြင်တယ်။

နောက် အစိုးရအဖွဲ့မှာက လူပြောင်းရုံသက်သက်နဲ့ မဖြစ်နိုင်ဘူးလို့ မြင်တယ်။ အစိုးရအဖွဲ့ရဲ့ လက်ရှိ မူဝါဒအပိုင်းတွေကို ပြန်ပြီး သုံးသပ်ဖို့ လိုအပ်တယ်။ နောက် ဗဟိုချုပ်ကိုင်မှု မြင့်မားနေတာကို လျှော့ချဖို့ လိုအပ်တယ်။

နောက်ပြီးတော့ အစိုးရဝန်ကြီးတွေနဲ့ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်ကို စနစ်တကျစောင့်ကြည့်တဲ့ ယန္တယားလိုမျိုးကို လုပ်ဖို့လိုအပ်တယ်လို့ မြင်ပါတယ်။

ဒေါ်ခင်စန်းလှိုင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

NLDပါတီ

ဝန်ကြီးအဖြစ် အမည်စာရင်းလျာထားခံရတဲ့ ဦးစိုးဝင်းဟာ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စီးပွားရေးကော်မတီဝင်တယောက် ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံတော်၏ စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီ ( NECC ) မှာလည်း အဖွဲ့့ဝင် အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လောလောဆယ်တေ့ာ ဒီလွိုက်(Deloitte)ပေါ့နော်။ စင်ကာပူနိုင်ငံက ဒီမှာ လာဖွင့်ထားတဲ့ ကုမ္ပဏီမှာ မြန်မာနိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီများ၏ အကြံပေး နဲ့ ဥပဒေရေးရာ ကိစ္စရပ်များဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

စီးပွားရေးရာရော လုပ်ငန်းဆောင်တာမှာပါ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်လို့ ကျမ ဒီလိုနားလည်ပါတယ်။ ကျမတို့ အတူတူတွဲပြီး အလုပ်လုပ်နေတဲ့ ကာလအတွင်းမှာ ဦးစိုးဝင်းရဲ့ အမူအကျင့်အနေနဲ့ ပြောမယ်ဆိုရင် အင်မတန်မှ ရိုးသားတယ်။ လူကြီးလူကောင်းဆန်တယ်။ လုပ်ငန်းပိုင်းဆိုင်ရာမှာ ပြတ်ပြတ်သားသားဆောင်ရွက်နိုင်တယ်။ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ် တယောက်လည်း ဖြစ်တဲ့ အတွက်ကြောင့် စီမံဘဏ္ဍာဝန်ကြီး အနေနဲ့ သူဖြစ်လာမယ်ဆိုရင်တော့ ကျမတို့ဘက်က အများကြီးမျှော်လင့် ထားစရာတွေ ရှိပါတယ်။

ဝန်ကြီး တစ်ဦး အနေနဲ့ သူလုပ်ပိုင်ခွင့်တွေ ရလာပြီးတော့ ဆောင်ရွက်မယ်ဆိုရင်တေ့ာ ပြုပြင်ပြောင်းလဲရေးတွေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေး အခြေအနေကိုတေ့ာ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ ကျမတို့ မြင်ပါတယ်။ အသက် ၈၀ ကျော်တော့ ရှိနေပြီ။ ဒါတေ့ာ အသက်ကြီးတာတော့ ပြဿနာ မရှိပါဘူး။ ကျန်းမာပါတယ်။ လုပ်လည်း လုပ်နိုင်ပါတယ်။ ကျမတို့မျှော်လင့်ပါတယ်။ သူ့ရဲ့ အတွေ့အကြံုတွေကို ဒီနေရာမှာ သူရဲ့ ကျန်ရှိနေတဲ့ အချိန် အတွင်းမှာရော တာဝန်ပေးအပ်လိုက်တဲ့ အချိန် အတွင်းမှာရော အန်ကယ်ကတော့ လုပ်နိုင်မယ်လို့ ကျမကတေ့ာ မျှော်လင့်ထားတယ်။

ဒေါက်တာနန္ဒာလှမြင့် (ပြောရေးဆိုခွင့်ရှိသူ)

USDPပါတီ

အစိုးရယန္တယားမှာ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ငယ်ငယ်ရွယ်ရွယ်၊ ထက်ထက်မြက်မြက်နဲ့ ဦးဆောင်တဲ့ ဦးဆောင်မှုမျိုးတော့ ကျွန်တော်တို့လည်း မြင်ချင်တာပေါ့နော်။ လုပ်နိုင်တဲ့၊ အရည်အချင်းရှိတဲ့၊ ထက်မြက်တဲ့ လူငယ်လူရွယ်တွေ ဦးဆောင်မှုကို မြင်ချင်တယ်။ စိုးရိမ်ပူပန်စိတ်တွေနဲ့ အသက်အရွယ်ကြီးတဲ့ လူကြီးတွေ ခန့်တာကို မဝေဖန်လိုသော်လည်းပဲ အားနည်းချက် ရှိတယ်လို့တော့ ထင်တယ်။

ရဲရဲရင့်ရင့်နဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ လူငယ်တွေကို နေရာပေးပြီးတော့ နေရာပေးပြီး တာဝန်တွေပေးမယ်ဆိုရင်တော့လည်း ပိုပြီးတော့ ကောင်းမွန်မယ်လို့ ကျွန်တော် ထင်တယ်။

ကျွန်တော့အမြင်ကတော့ ဒီဝန်ကြီးက အတွေ့အကြံုတွေ ရှိတယ်။ လုပ်ရည်ကိုင်ရည် ရှိမယ်ဆိုရင်တောင်မှ ပြောင်းလဲသွားနိုင်ဖို့အတွက် အချိန်က သိပ်မရှိတော့ဘူးပေါ့လေ။

ကောင်းမွန်တဲ့ မူဝါဒပေါ့လေ။ Foundation ကောင်းကောင်း၊ မူဝါဒကောင်းကောင်း၊ စနစ်ကောင်းကောင်းတွေကိုပဲ ချသွားပေးဖို့ မျှော်လင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ပြောင်းလဲနိုင်ဖို့ဆိုတာကတော့ အချိန်ယူရတယ်လေ။

စီးပွားရေး တိုးတက်၊ အောင်မြင်လာဖို့၊ တိုင်းပြည် ထူထူထောင်ထောင် ဖြစ်လာဖို့ကို Foundation ကောင်းကောင်း ချပေးနိုင်ဖို့ကိုပဲ ကျွန်တော်တို့က မျှော်လင့်ပါတယ်။

ချက်ချင်းကြီး တိုးတက်လာဖို့ဆိုတာကတော့ သိပ်မျှော်လင့်လို့ မရဘူးပေါ့။ အားလုံးဝိုင်းလုပ်မှ ရတော့မှာပါ။ တစ်ဦးတစ်ယောက်ထဲ အပေါ်မှာပဲ မျှော်လင့်လို့ရတဲ့ အချိန် မဟုတ်တော့ဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly