မုန်တိုင်းအရှိန်ကြောင့် ၃၆ နာရီအတွင်း မိုးရွာကာ ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်မည်

မုန်တိုင်းအရှိန်ကြောင့် ၃၆ နာရီအတွင်း မိုးရွာကာ ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်မည်

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မေလ ၂၉ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်အလယ်ပိုင်းကမ်းခြေကို ကျောက်ဖြူမြို့ အနီးမှဖြတ်ကျော်ရင်း လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ အားပျော့သွားနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

မေလ ၂၉ ရက် မနက် ရ နာရီ တိုင်းတာချက်အရ မုန်တိုင်းဖြတ်ကျော်စဉ် မြစ်ဝကျွန်းပေါ်အနောက်ဖက် ကမ်းရိုးတန်းနှင့် ကမ်းလွန်ဒေသ၊ ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းရိုးတန်းနှင့်ကမ်းလွန်ဒေသတွင် မေလ ၃၀ ရက်အထိ မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဖြတ်ကျော်စဉ် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီ (၄၅-၅၀)မိုင်အထိ တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ လေပုန်း(Gust) တစ်နာရီ မိုင်(၆၀)ခန့်အထိ ပြင်းထန်နိုင်ကြောင်း ၊ ပင်လယ်ပြင်တွင် လှိုင်းအမြင့် (၁၅-၂၀)ပေအထိ ကြီးမားနိုင်ကြောင်း ခန့်မှန်းထားသည်။

" ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ရှိလေဖိအားနည်းရပ်ဝန်းဟာ အရှေ့မြောက်ဖက်သို့ရွေ့လျှားလာရင်း ပိုမိုအားကောင်းလာကာ (၂၉-၅-၂၀၁၈)ရက် အင်္ဂါနေ့ နံနက်အစောပိုင်းတွင် မုန်တိုင်းငယ် တစ်ခုအဖြစ်သို့ ရောက်ရှိလာနိုင်ပါတယ်" ဟု ယမန်နေ့ညက လူမှုကွန်ယက်တွင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

မုန်တိုင်း၏ အရှိန်ကြောင့် မေလ ၂၈ ရက် ညနေပိုင်းမှ နောက်(၃၆)နာရီအတွင်း ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း တို့တွင် နေရာအနှံ့အပြား နှင့် ကျန်ဒေသများတွင် နေရာကျဲကျဲ မှ နေရာစိပ်စိပ် မိုးရွာနိုင်သည်။ ဧရာဝတီတိုင်းအနောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတို့တွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly