အမှုနှင့် လုံးဝမသက်ဆိုင်ဘဲ အငြိုးတကြီးဖြင့် အပြစ်မကျကျအောင် လုပ်နေခြင်းဖြစ်ဟု ရိုက်တာသတင်း ထောက်ပြော

အမှုနှင့် လုံးဝမသက်ဆိုင်ဘဲ အငြိုးတကြီးဖြင့် အပြစ်မကျကျအောင် လုပ်နေခြင်းဖြစ်ဟု ရိုက်တာသတင်း ထောက်ပြော

ရန်ကုန်၊ မေလ ၂၈ ။           ။ နည်းပညာကျွမ်းကျင်သူအနေဖြင့်  နေပြည်တော်နည်းပညာမှုခင်းဌာန၊ ရဲမှုခင်းတပ်ဖွဲ့မှ ရဲမှူး အောင်ကျော်ဆန်း တရားလိုပြအဖြစ်လာရောက်ထွက်ဆိုခဲ့မှုတွင် အမှုနှင့်သက်ဆိုင်ခြင်း လုံးဝမရှိဘဲ အငြိုးတကြီးဖြင့် အပြစ်မကျ ကျအောင် လုပ်နေခြင်းဖြစ်သည်ဟု  ရိုက်တာသတင်းထောက်က တရားခွင်ကအထွက်တွင် ပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ရိုက်တာသတင်းထောက်နှစ်ဦးကို ယနေ့ မေလ ၂၈ ရက်တွင် အကြိမ် ၂၁ မြောက် ရုံးထုတ်ခဲ့ပြီး နေပြည်တော် နည်းပညာမှုခင်းဌာန၊ ရဲမှုခင်းတပ်ဖွဲ့မှ ရဲမှူး အောင်ကျော်ဆန်းကို ဆက်လက် စစ်ဆေးခဲ့သည်။

ရဲမှူး အောင်ကျော်ဆန်းကို မေလ ၂၁ ရက်နေ့မှ စတင်စစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ မေလ ၂၈ နေ့ ရုံးချိန်းတွင် သုံးကြိမ်မြောက်ရှိပြီဖြစ်သည်။

“ ကျွန်တော်တို့ ဖုန်းတွေထဲမှာ တွေ့တယ်ဆိုတဲ့ဟာတွေက တကယ်တမ်းကျွန်တော်တို့ဘာမှမရှိပါဘူး။ ဒီစာရွက် တွေက ဖုန်းထဲမှာ Messenger ကတစ်ဆင့် သူ့အလိုလိုရောက်နိုင်တာပဲလေ။ နောက်တစ်ချက်ကတော့ သူ့တို့ တင်ပြတဲ့အချက်အလက်တွေ ပြီးခဲ့တဲ့အပတ်က သိပြီးသားဖြစ်ပါတယ်။ အစိုးရဆိုင်တဲ့ အချက်အလက်တွေ ဆိုရင် သတင်းသမားတွေ ဘာအချက်အလက်မှ မယူရဘူး။ ဘာအချက်အလက်မှ မရေးရဘူးဆိုတဲ့ သဘောမျိုး ကျွန်တော်တို့ ဒီအမှုနဲ့ ဘာမှကို မဆိုင်ဘဲနဲ့ အငြိုးတကြီးနဲ့ ကျွန်တော်တို့ ပေါ်မှာ အပြစ်မကျကျအောင် လုပ်နေ တယ် ဒီလိုပဲ ပြောချင်ပါတယ်”ဟု ဖမ်းဆီးခံရိုက်တာသတင်းထောက် ကိုဝလုံးက ပြောသည်။

ယနေ့ ရုံးချိန်းတွင် တရားလို ရဲမှူးအောင်ကျော်ဆန်းကို ရိုက်တာသတင်းထောက်နှစ်ဦးဘက်မှ လိုက်ပါဆောင် ရွက်ပေးနေသည့် ရှေ့နေများက မေးခွန်း ၄ ခွန်းခန့်သာမေးမြန်းခဲ့ရပြီး ရဲမှူးအောင်ကျော်ဆန်းဘက်မှ သက်သေ ခံအဖြစ်တင်သွင်းထားသည့် သက်သေခံစာရွက် ၂၁ ရွက်နှင့် ပတ်သက်ပြီး မေးမြန်းမှုအဆင့် ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

“ ဒီအမှုက ပထမဆုံး တရားစွဲတဲ့အခါမှာ ဒီစွပ်စွဲခံရသူတွေ လက်ထဲက စာရွက်စာတမ်းတွေ တရားမဝင်တွေ့ လို့ဆိုပြီးတော့ တရားစွဲတာ။ သတင်းစာတွေမှာလည်း ဒီအတိုင်းပဲ ကြေညာတယ်။ အမှုတွဲမှာလည်း ဒီအတိုင်းပဲ ပြောထားတယ်။ ဒါပေမယ့် ဒီ ကျွမ်းကျင်ပညာရှင်ရဲ့ အလှည့်ရောက်တော့မှသာ တယ်လီဖုန်းထဲက တွေ့ရှိပါ တယ်ဆိုပြီးတော့ အချက်အလက်တွေထုတ်ပြီးတော့ ဒီဟာတွေ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေ ပါဆိုပြီးတော့ တရားရုံးမှာ တင်သွင်းပြီးတော့ ထပ်မံလာရောက် ထွက်ဆိုတာ။ ကနဦးဖွင့်ထားတဲ့ ပထမသတင်း ပေးတိုင်ချက်နဲ့တော့ ကွဲလွဲတာပေါ့” ရိုက်တာသတင်းထောက် နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင် က တရားခွင်မှ အထွက်တွင် ပြောသည်။

ထိုသို့ ရဲမှူးအောင်ကျော်ဆန်း တင်သွင်းခဲ့သော အချက်အလက်များထဲတွင် အင်းဒင်ကျေးရွာလူသတ်မှုနှင့် စပ်ဆိုင်သည့် အချက်အလက်များ ပါဝင်ခြင်းမရှိသည့် အပြင် အချို့အချက်အလက်များမှာ ရိုက်တာသတင်း ထောက်နှစ်ဦး လုံးဝမသိရှိသည့် အချက်အလက်များပါ ပါဝင်နေကြောင်း သိရသည်။

အချက်အလက်များမှာ Facebook Messenger များမှတဆင့် ဝင်ရောက်နေ သည့် အချက်အလက် များဖြစ်နိုင်ကြောင်း ရိုက်တာသတင်းထောက်နှစ်ဦး ကပြောသည်။

ရုံးတော်တွင် သက်သေခံအဖြစ် တင်သွင်းခဲ့သော အချက်အလက်များမှာလည်း ဒုတိယသမ္မတခရီးစဉ် အကြောင်းအရာအချို့၊ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ လုံခြံုရေးအစီအမံကိစ္စ ၊ ဒုရဲမှူး ဦးမိုးရန်နိုင် ရဲအုပ်မှ ဒုရဲမှူးအဖြစ် ရာထူးတိုးခဲ့သော စာရွက်စာတမ်းများ၊ ရခိုင်ပြည်နယ်လွှတ်တော်သို့ မာန်အောင်ကျွန်း ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များပါ အကြောင်းအရာအချို့ စသည့်တို့ကို ဓာတ်ပုံအဖြစ် ဖုန်းထဲ တွင် တွေ့ရှိခဲ့ရသည့် အချက်အလက်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့နှစ်ဦးကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညပိုင်းက မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးအတိုင်း လမ်းလျှောက် လာစဉ် ရဲတပ်ဖွဲ့မှ စစ်ဆေးရှာဖွေခဲ့ရာ ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြံုရေးစာရွက်စာတမ်း အထောက်အထားများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက်သတင်းထောက်နှစ်ဦးကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် (ပ)၁၂၉၈/ ၂ဝ၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ) ဖြင့် အမှုဖွင့်တရားစွဲခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရာကြီးအမှုအမှတ်- ၄/ ၂ဝ၁၈ ဖြင့် အမှုစွဲတင်စစ်ဆေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ)မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ထိပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly