အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် FDA ဝန်ထမ်းအမှု အပြီးသတ်လျှောက်လဲချက်ကြားနာရန်နှင့် အမိန့်ချရန်သာ ကျန်ရှိ

အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် FDA ဝန်ထမ်းအမှု အပြီးသတ်လျှောက်လဲချက်ကြားနာရန်နှင့် အမိန့်ချရန်သာ ကျန်ရှိ

ရန်ကုန်၊ မေလ ၂၈ ။               ။ FDA ဝန်ထမ်းအမျိုးသမီး အဓမ္မပြုကျင့်သတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်ပြီး အပြီးသတ်လျှောက်လဲ ချက်ကြားနာရန်နှင့် အပြီးသတ်အမိန့်ချရန်သာကျန်ရှိတော့ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး (၄) ဦးမိုးကျော်က တရားခွင်တွင် ပြောကြားခဲ့သည်။

ယနေ့ မေလ ၂၈ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် နောက်ဆုံးစစ်ဆေးရန် ကျန်ရှိသည့် ဒဂုံမြောက်ပိုင်း ၃၃ ရပ်ကွက်တွင်နေထိုင်သည့် ဦးခင်မောင်အေးကို တရားခံပြသက်သေအဖြစ် စစ်ဆေးခဲ့ပြီး ၎င်းအားစစ်ဆေးအပြီးတွင် ခရိုင်တရားသူကြီးက ထိုသို့ တရားခွင်အတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမှုစစ်ဆေးခြင်း ပြီးဆုံးပါပြီ။ အဓိက လုပ်စရာနှစ်ချက်ပဲ ကျန်ပါတယ်။ ပထမတစ်ချက်က အပြီးသတ် လျှောက်လဲချက်ကြားနာဖို့နဲ့ အပြီးသတ်အမိန့်ချဖို့ပဲ ကျန်ပါတယ်”ဟု ဒုတိယခရိုင်တရားသူကြီး (၄) ဦးမိုးကျော်က ပြောသည်။

မျိုးဇော်ဦး (ခ) ဆီဒိုးနားဘက်မှ လိုက်ပါဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက မျိုးဇော်ဦးအားစွဲဆိုထားသော ပုဒ်မမှာအမြင့်ဆုံးပြစ်ဒဏ်သေဒဏ်ထိ ချမှတ်နိုင်သော ပုဒ်မဖြစ်သော်လည်း စွဲချက်အတိုင်းအပြစ်ပေးမည်ဟု ယူဆ၍ မရကြောင်း တရားခွင်က အထွက်တွင် မီဒီယာများမေးမြန်းချက်ကို ဖြေကြားခဲ့သည်။

“ နောက်ရုံးချိန်း လျှောက်လဲချက်တင်မယ်။ လျှောက်လဲ ချက်ပြီးရင် အမိန့်ချမယ်။ နိဂုံးပိုင်းတော့ ရောက်လာပြီ။ စွဲချက်က အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ပေးနိုင်တဲ့ ပုဒ်မဖြစ်နေတယ်။ ပြစ်ဒဏ်ထဲမှာတော့နည်း နည်းမြင့်တယ်။ စွဲချက်ကတော့ တင်မှာဘဲ သို့သော် စွဲချက်အတိုင်း အမြင့်ဆုံးပြစ်ဒဏ်ပေးမယ်လို့တော့ လှေနံ ဓါးထစ်မှတ်လို့ မရဘူး။အဓမ္မပြုကျင့်တာနဲ့ ဓမ္မတာနဲ့ဆန့်ကျင်တာ သံသယဖြစ်ဖွယ်ရှိနေတယ်” ဟု အထက်တန်းရှေ့နေ ဦး မောင်မောင်စိုးက ပြောသည်။

ယနေ့ ရုံးချိန်းတွင် တရားခံပြသက်သေ ဦးခင်မောင်အေးအား စစ်ဆေးခဲ့ရာတွင် ဦးခင်မောင်အေးက ၎င်းခြေရင်း အိမ်တွင် မျိုးဇော်ဦးက နေထိုင်ပြီး ယခင်က ထီရောင်းပြီး ၂ နှစ်ခန့်အကြာတွင် ဆိုက်ကားနင်းခဲ့ကြောင်း တရား ခွင်အတွင်း အသေးစိတ်ထွက်ဆိုခဲ့သည်။

ပြီးနောက် ၅ လခန့်အကြာတွင် တက္ကစီစမောင်းခဲ့ပြီး ကားမောင်းပြီး ၂ လခန့်တွင် မန္တလေးမှ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ခြင်းဖြစ်ကြောင်း၊ အမှုဖြစ်ပြီး နှစ်ပတ်ခန့်အကြာ အင်းစိန်ထောင်အတွင်း မျိုးဇော်ဦးကို သွားရောက်တွေ့ဆုံခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

မျိုးဇော်ဦးမှ မုဒိမ်းကျင့်ခြင်း ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ၎င်းအား ငိုယို၍ ပြောကြားခဲ့သည်ဟုလည်း ဦးခင်မောင်အေးက ထွက်ဆိုခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မြောက်ဥက္ကလာပဆေးရုံမှ မှုခင်းဆရာဝန်ကြီး၊ အထူးကုဆရာဝန် ဒေါက်တာထွန်းလင်းထွန်းလာရောက်ထွက်ဆိုခဲ့ရာတွင် ဆေးစစ်ချက်အရ အမျိုးသမီး အင်္ဂါအတွင်း ထိုးသွင်းထားသောလက္ခဏာရှိသော်လည်း သုက်ပိုးမတွေ့ရကြောင်း တရားခွင်တွင် ထွက်ဆို ခဲ့သည်။

မျိုးဇော်ဦးဆိုသူကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ခေါ်ယူ ဆေးစစ်ချက်အရ မျိုးဇော်ဦး ခန္ဓာကိုယ်ပေါ်၌ ပြင်ပဒဏ်ရာများ တွေ့ရှိရပြီး အမျိုးသားသုက်ပိုးကိုမှု တွေ့ရှိခြင်းမရှိကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။

FDA ဝန်ထမ်းအမျိုးသမီး သေဆုံးရခြင်း အဓိကအချက်မှာ မှုခင်းဆရာဝန်ထွက်ဆိုချက်အရ လည်ပင်းပတ် လည်အား တင်းကြပ်အောင် ဖိနှိပ်ခံထားရသည့်အတွက် လည်ပင်းအရှေ့ဘက် အရိုးငယ်ကျိုးတဲ့ဒဏ်ရာ၊ လည်ပင်းကြွက်သားတွင် သွေးသွန်၊ သွေးခြေဥ၊ ဖူးယောင်မှုများ တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ရင်ဘတ် ဖူးရောင်ဒဏ်ရာများ တွေ့ရကာ ရင်ညွှန့်မှာ ကျိုးနေသည့်အတွက် လည်ပင်းနှင့် လည်ပင်း အောက်ရှိ အသက်ရှုပြွန်များပိတ်ဆို့နေပြီး အသက်မရှုနိုင်ခြင်း၊ အဆုတ်နှင့် ရင်ခေါင်းကြွက်သားများ အလုပ် မလုပ်နိုင်ခြင်းကြောင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly