ပြည်သူ့အိမ်ရာနေထိုင်သူများ အိမ်ငှားစည်းကမ်းဖောက်ဖျက်လျှင် အရေးယူသွားမည်

ပြည်သူ့အိမ်ရာနေထိုင်သူများ အိမ်ငှားစည်းကမ်းဖောက်ဖျက်လျှင် အရေးယူသွားမည်

ရန်ကုန် မေ ၂၈ ။                 ။ အစိုးရက အငှားစနစ်ဖြင့် ပြည်သူများကို နေထိုင်ခွင့်ချ ပေး သည့် ပြည်သူ့အိမ်ယာများတွင် နေထိုင်သူများ အိမ်ရာစည်းကမ်းချက်များအား လိုက်နာမှုမရှိပါက အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြောကြားလိုက်သည်။

ပြည်သူ့အိမ်ယာဆိုသည်မှာ  အစိုးရက အငှားစနစ်ဖြင့် ပြည်သူများကို နေထိုင်ခွင့်ချပေးထားသည့် အိမ်ယာများဖြစ်သည်။

မေလ ၂၈ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒဂုံမြို့နယ်၊ တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက “မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနအနေဖြင့် ‘ဌာနပိုင်အိမ်ရာများတွင် သတ်မှတ်စည်းကမ်းများနှင့် ညီညွှတ်မှုမရှိပါက မည်သို့အရေးယူစီမံဆောင်ရွက်ကြောင်းနှင့် ဌာနပိုင်တိုက်ခန်းများတွင် နိုင်ငံခြားသားနေထိုင်ခွင့်ရှိ/ မရှိ၊ မရှိပါက မည်သို့စီမံဆောင်ရွက်သွားမည်” ကို သိရှိလိုကြောင်း မေးမြန်းသည့်မေးခွန်းနှင့် စပ်လျဉ်း၍ ဝန်ကြီးက ပြန်လည် ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့ အိမ်ရာများတွင်နေထိုင်သူ အိမ်ငှားများနှင့်ပတ်သက်၍ အိမ်ရာအုပ်ချုပ်ရေးစခန်းများ ဖွင့်လှစ်ပြီး အိမ်ရာစည်းကမ်းချက် ၂၆ ချက်ပါ အိမ်ငှားစာချုပ်ချုပ်ဆို၍ စည်းကမ်းချက်များနှင့်အညီ စီမံခန့်ခွဲလျှက် ရှိပါတယ်။ အိမ်ငှားစည်းကမ်းဖောက်ဖျက်မှုများ ပေါ်ပေါက်လာပါက လူမှုရေးနည်းလမ်းအရ အိမ်ရာအုပ်ချုပ်ရေးစခန်းနှင့် သာယာရေးကော်မတီပူးပေါင်းညှိနှိုင်းဖြေရှင်းပြီး လိုအပ်ပါက စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။ လူမှုရေးနည်းလမ်း၊ စီမံခန့်ခွဲမှုနည်းလမ်းတို့ဖြင့် ဖြေရှင်းမှုမရရှိပါက ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။ ”ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားခဲ့ သည်။

ထို့ပြင် နိုင်ငံခြားသားများသည် ပြည်သူ့အိမ်ရာများတွင် တရားဝင် ရာသက်ပန်နေထိုင်ခွင့်မရှိသည့်အပြင် ဧည့် သည်အဖြစ်နေထိုင်ပါက စည်ကမ်းဥပဒေနှင့်အညီ စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ဆက်လက် ပြောကြားသည်။

 “နိုင်ငံခြားသားများနဲ့ပတ်သက်ရင် နိုင်ငံခြားသားများ တရားဝင်နေထိုင်ခွင့် မရှိပါဘူး။ ညအိပ်၊ ညနေ ဧည့်သည်အဖြစ် တည်းခိုနေထိုင်မယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနဲ့အညီသာ စိစစ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ပြည်သူ့အိမ်ရာများပြန်လည်ဖွံ့ဖြိုးရေးအစီအစဉ်သည် နိုင်ငံ့ဘဏ္ဍာသုံးစွဲ၍ အသစ်ပြန်လည်ဆောက်လုပ်ပေးရန် သုံးစွဲကုန်ကျငွေနှင့် အကျိုးခံစားရမည့် ပြည်သူလူထု မိသားစုအရေအတွက် နှိုင်းယှဉ်ပါက Course and benefit ဘက်ကိုက်ညီသောကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှု PPP စနစ်ဖြင့် ဖော်ဆောင်ရန် မူဝါဒချမှတ်ထားသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနနှင့် JICA တို့ ပူးပေါင်း၍ ပြည်သူ့အိမ်ရာအားလုံး၏ အကျိုးဖြစ်တန် စွမ်းလေ့လာ ဆန်းစစ်မှု Pre-effect ပြုလုပ်ခဲ့ပြီး ပြည်ပရင်းနှီးမြုပ်နှံမှုအနေဖြင့် ဥပဒေအရမြေပိုင်ဆိုင်မှုမရှိသောကြောင့် ဦးဝိစာရ၊ မင်္ဂလာတောင်ညွန့်နှင့် ဝေဠုဝန်အိမ်ရာသုံးခုကို BOT စနစ်ဖြင့် ရင်းနှီးမြုပ်နှံနိုင်မည်ဟု တွေ့ ရှိရကြောင်း ဝန်ကြီး၏ ပြောပြချက်အရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly