"ဓါးခုတ်၊လုယက်ခံနေရတဲ့မြို့"

"ဓါးခုတ်၊လုယက်ခံနေရတဲ့မြို့"

 

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ဘုရားကြီးအနောက်မုဒ်၊မန္တလေး၊စစ်ကိုင်းလမ်းဘေးမှာရှိတဲ့ ရွှေစင်မြင့်မိုရ် ရွှေဆိုင်ကို မေလ ၂၈ ရက်၊မနက် ၁၀ နာရီကျော်က လူနှစ်ဦးဓါးကိုင်ပြီး ဝင်ရောက် အနုကြမ်းစီးခဲ့ပါတယ်။

အနုကြမ်းစီးခံရမှုကြောင့် နှစ်ကျပ်သားရွှေလက်ကောက်နှစ်ကွင်း ငါးမူးသားတစ်ကွင်းနဲ့ ငွေကျပ်ငါးသိန်းတန်ဖိုးရှိတဲ့ လက်ကောက်ခြောက်ကွင်း စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်းခြောက်ဆယ်ကျော်ဖိုးပါသွားတယ်လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။

ဝင်ရောက်အနုကြမ်းစီးချိန်မှာ လျှပ်စစ်မီးပျက်နေတာကြောင့် CCTV မှတ်တမ်းလည်း မရရှိပါဘူး။

နယ်မြေခံရဲတပ်ဖွဲ့က အပူတပြင်းလိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဓါးကိုင်းပြီးလုယက်မှုတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။အဲဒီလိုဖြစ်ခဲ့တဲ့အတွက် မြို့လူထုဟာ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေပါတယ်။အခု လူစည်ကားရာနေရာ၊နေ့ခင်းဘက်မှာတောင် အနုကြမ်းစီးမှုဖြစ်ပွားသွားတော့ မြို့လူထုဟာ ပိုပြီး စိုရိမ်စိတ်တွေမြင့်တက်လာပါတယ်။

ဓါးကိုင်လုယက်မှုတွေနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က "ရာဇဝတ်မှုဖြစ်တယ်ဆိုရင် ဖြစ်ရတဲ့အကြောင်းအရင်းက ဘာတွေရှိလဲ။မှုခင်းဖြစ်လာရင် နောက်ခံအကြောင်း အရင်းတွေ အများကြီးရှိတယ်။ပြောချင်တာက ဓါးကိုင်သူများလာတယ်။ ဘယ်လောက်များလာလဲ။ တစ်လအတွင်း ဘယ်နှစ်ခုရှိလာလဲ။ဓါးခုတ်မှု သုံးခုကိုဘဲ ပြောနေတယ်။အဲဒါကို အရေးယူဆောင်ရွက်နေပြီ။ဓါးကိုင်သူ များလာတယ်ပြောရအောင် ဘယ်နှစ်ကြိမ်များလာလဲ ဘယ်နှစ်ခါများလာလဲ။ရပ်ကွက်တိုင်းဖြစ်နေလား။ နေ့စဉ်ဓါးကိုင်တဲ့ သူရှိသလား။ခိုးမှုတွေကို မဖမ်းဘူးလားပြောပါ။ဖမ်းနေတာပဲ။ရာဇဝတ်မှုဖြစ်ရတဲ့ အကြောင်း တွေ အများကြီးရှိတယ်။အားလုံးပူးပေါင်းပါ။

စီမံချက်တွေ တောက်လျှောက်လုပ်နေတာ။ လှည့်ကင်း ပတ်ကင်း ၀ပ်ကင်း တွေနဲ့ နေ့ည လုပ်နေတာ။ အရေးကြီးတဲ့ နေရာတွေမှာလည်း ချထားတယ်။CCTV တွေ တပ်ထားတယ်။Control စင်တာတွေလည်း ရှိတယ်။ခုမှုခင်းလိုက်တယ်ဆိုတာ ဒီအတိုင်းပြီးစလွယ်လိုက်တာမဟုတ်ဘူး။CCTV Result နဲ့ လိုက်နေတာ"လို့ မေလ ၂၄ ရက်နေ့က မဇ္ဈိမအပါအဝင် မီးဒီယာများကို ပြောကြားထားပါတယ်။

 နယ်/လုံ ဝန်ကြီးကလည်း အဲဒီနေ့မှာပဲ "လုံခြံုရေးအနေနဲ့ အထွေအထူးတိုးပြီးလုပ်တာတော့ မရှိပါဘူး။အရင်တိုင်းပါပဲ။"လို့ မဇ္ဈိမကိုပြောထားပါတယ်။

နေ့၊ည ရပ်ကင်းတွေ၊လှည့်ကင်းတွေနဲ့ဝပ်ကင်းတွေ အင်နဲ့အားနဲ့လုပ်သလို အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ပူးပေါင်းပါဝင်ပြီး လုံခြံုရေးအတွက် ကူညီပေးနေတာတွေလည်း တွေ့ရပါတယ်။

အဲဒီလိုတွေလုပ်နေတာကြောင့် လုယက်မှုတွေက လျှော့နေသယောင်ထင်ရပေမယ့် အခုရက်ပိုင်းလေးမှာ ခပ်စိပ်စိပ်တွေ့လာရပါတယ်။

လုယက်မှုတစ်ချို့ကို ရဲစခန်းမှာ အမှုဖွင့်နေကြတာရှိသလို တစ်ချို့ကလည်း အမှုမဖွင့်ကြပါဘူး။အဲဒီလိုဖြစ်နေတာကလည်း အကြောင်းရှိပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ရဲအင်အား လုံလောက်မှုမရှိတာကြောင့်ဆိုတဲ့ ထုံးစံအတိုင်းဖြေဆိုနေမှုတွေကြောင့် အချိန်နဲ့တစ်ပြေးညီလုပ်ဆောင်နိုင်မှုမှာအားနည်းပါတယ်။

အထူးသဖြင့် ဒီနေ့အချိန်ထိ ရဲတပ်ဖွဲ့ဟာ ပြောင်းလဲမှုတွေလုပ်နေတယ်ဆိုပေမယ့်လည်း ပြည်သူရဲ့ယုံကြည်မှုကတော့ မရရှိသေးပါဘူး။

အခု လုယက်မှုတွေ ဓါးခုတ်မှုတွေနဲ့ ပတ်သက်ပြီး အားလုံးမှာ တာဝန်ရှိတယ်ဆိုတာလည်း လက်ခံပါတယ်။ဒါပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပိုပြီး တာဝန်ရှိပါတယ်။

အခုလိုဖြစ်ပျက်နေတာကို ဘယ်လို စီမံခန့်ခွဲမှာလဲ။ဘယ်လိုစနစ်တွေနဲ့လုံခြံုရေးယူမလဲ။

နေရာတွေသတ်မှတ်ပြီး အုပ်စုလိုက် နေ့၊ည ဆိုင်ကယ်တွေ၊ကားတွေရပ်ပြီး ရှာဖွေ လုံခြံုရေးယူနေတာကရော အမှန်တကယ် အကျိးရှိနေသလား။

အမှန်တကယ် ဖြစ်၊ပျက်နေတာတွေကို ရဲတပ်ဖွဲ့က တင်ပြလာတာလောက်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်တက်လာတာလောက်နဲ့ နှိုင်းယှဉ်ဆုံးဖြတ်လုပ်ဆောင်နေမယ်ဆိုရင်တော့ မန္တလေးမြို့ဟာ လူတိုင်း ကိုယ့်လုံခြံုရေးအတွက် ဓါးကိုင်ရဖို့ ဖြစ်လာမှာပါ။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ သုံးသပ်၊ဆုံးဖြတ်မှုတွေ ပြတ်သားဖို့လိုအပ်လှပါတယ်။

တင်ပြတာလေးကြည့် ပြောတာလေးနားထောင် ငါတို့လုပ်နေတာပဲလို့ ပြောတာလောက်လုံနဲ့ မန္တလေးမြို့ဟာ မလုံခြံုနိုင်ပါဘူး။

ဒါကြောင့် လုံခြံုရေးအတွက် ပြည်သူက ပူးပေါင်းပါဝင်ရမယ်ဆိုလည်း ဘယ်လိုပူးပေါင်းပါဝင်ရမလဲဆိုတာ ရပ်ကွက်မြို့နယ်တိုင်းကို ကွင်းဆင်းပြီး ရဲ၊လွှတ်တော်ကိုယ်စားလှယ်၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ပြည်သူတွေ မျက်ချင်းဆိုင် ဆွေးနွေးညှိုနှုင်းမှုတွေ အမြန်ဆုံး လုပ်ဆောင်သင့်တယ်လို့ တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly