မြန်မာနိုင်ငံမှ တင်သွင်းလာသော စံချိန်တင်များပြားသည့် မူးယစ်ဆေးဝါးများ မလေးရှားတွင် ဖမ်းမိ

မြန်မာနိုင်ငံမှ တင်သွင်းလာသော စံချိန်တင်များပြားသည့် မူးယစ်ဆေးဝါးများ မလေးရှားတွင် ဖမ်းမိ

မေ ၂၈ ။                    ။ စံချိန်တင် ပမာဏများပြားလှသော crystal meth မူးယစ်ဆေးဝါးများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မလေးရှားတာဝန်ရှိသူများက မေလ ၂၈ ရက်တွင် ပြောသည်။

တန်ချိန်ပေါင်း  ၁ ဒသမ ၂ တန် နီးပါးရှိ အဆိုပါမူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် သင်္ဘောကွန်တိန်နာတစ်ခုထဲတွင် လက်ဖက်ခြောက်ထုပ်များနှင့် ဖုံးဝှက်သယ်လာသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး ယင်းကိစ္စနှင့်စပ်လျင်း၍ သံသယရှိ ကုန်သည် ခြောက်ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။

အရှေ့တောင်အာရှဒေသတွင်း မူးယစ်ဆေးဝါးများ အလုံးအရင်းဖြင့် စီးဆင်းပြန့်နှံ့နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေချိန် ယခုကဲ့သို့ ဖမ်းဆီးရမိမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနှင့် ထိုင်းတို့တွင်လည်း ယခုနှစ်အတွင်း အလားတူ စံချိန်တင် မူးယစ်ဆေး ဖမ်းဆီးရမိမှုများ ရှိထားခဲ့သည်။

တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သန်း (ရင်းဂစ် ရ၁ သန်း) ခန့်ရှိပြီး အလေးချိန် ၁,၁၈၇ ကီလို ရှိ မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့စွန် Port Klang သို့ ကွန်တိန်နာတစ်ခုဖြင့် တင်ပို့လိုက်ခြင်း ဖြစ်ကြောင်း မလေးရှား အကောက်ခွန် ညွန်ကြားရေးမှူးချုပ် ဆူဘရို မာနီယမ် သိုလာဆီက သတင်းထောက်များကို ပြောသည်။

" ဒါက ကျွန်တော်တို့ သမိုင်းမှာတော့ တန်ဖိုးအရရော၊ အလေးချိန်အရပါ အကြီးဆုံး သိမ်းဆည်းရမိမှုပါ" ဟု ၎င်းက ပြောသည်။

မေလ ၂၂ ရက်က သိမ်းဆည်းရမိခဲ့သော အဆိုပါ မူးယစ်ဆေးများ ပါလာသည့် ကုန်သေတ္တာကို စားသောက်ကုန်များအဖြစ် တံဆိပ်ကပ် တင်ပို့လိုက်ခြင်း ဖြစ်ကြောင်း၊ ကွာလာလမ်ပူ ရပ်ကွက်တစ်ခုရှိ မလေးရှား ပို့ကုန်သွင်းကုန် ကုမ္ပဏီတစ်ခုဆီ လိပ်မူ တင်ပို့လိုက်ခြင်း ဖြစ်ကြောင်း ဆူဘရို မာနီယမ် က ပြောသည်။

ယင်းမူးယစ်ဆေး ဖမ်းဆီးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား သုံးယောက်နှင့် မလေးရှားနိုင်ငံသား သုံးဦးတို့ကို ဖမ်းဆီးထားခဲ့ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly