သန်ချဖို့ လိုနေပြီလား သိနိုင်ဖို့

သန်ချဖို့ လိုနေပြီလား သိနိုင်ဖို့

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

သန်ကျဆေးဘယ်လောက်စွမ်းကြောင်း ၊ဘယ်လောက်ကောင်းကြောင်းကို တီဗီကြော်ငြာတွေမှာ တွေ့နေရပေမယ့် ရွံစရာကြီးပါကွာ ဆိုပြီး မျက်နှာလွှဲခဲ့ကြတာများပါတယ်။ အမှန်က သန်ကောင်၊တုတ်ကောင်ဆိုတာနဲ့ ရွံစရာအကောင်တွေအဖြစ်ပြေးမမြင်ဘဲ ကိုယ့်ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားရှင်းလင်းပစ်သင့်တဲ့ကပ်ပါးတွေအဖြစ် တွေးလိုက်ရမှာပါ။ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ သန့်ရှင်းရေးအတွက် အခါအားလျော်စွာ သန်ချပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။

သန်ကောင်တွေဟာ သက်ရှိသတ္တဝါတွေရဲ့ခန္ဓာကိုယ်တွင်းမှာ ကပ်တွယ်ရှင်သန်တဲ့ ကပ်ပါးပိုးတွေဖြစ်ပြီး လက်ခံ ခန္ဓာကိုယ်က စားသုံးသမျှအာဟာရကို မှီခိုနေကြပါတယ်။ သန်ကောင်ပိုးဝင်ရောက်နိုင်တဲ့နည်းလမ်းကအများကြီးရှိပါတယ်။ အဖြစ်များဆုံးကတော့ အစားအသောက်တဆင့် ကူးစက်ရရှိတာပဲဖြစ်ပါတယ်။ ဥပမာ  ကြက်သားနဲ့ဝက်သားအစိမ်းတွေမှာ သန်ကောင်ဥတွေ ပါလာတတ်ပါတယ်။ မကျက်တကျက်ကို စားသုံးမိရင် အဲဒီသန်ကောင်ပိုးတွေခန္ဓာကိုယ်ထဲ ရောက်ရှိရှင်သန်စေနိုင်ပါတယ်။ အဲဒီသားစိမ်းငါးစိမ်းတွေကို အသီးအရွက်တွေနဲ့ ရောနှောထားရှိရင်လည်း ထပ်ပြန့်စေတာပေါ့။

နောက်တစ်ခုက ရေ။ မသန့်ရှင်းတဲ့ရေ ကိုသောက်မိရင်လည်း သန်ကောင်ကူးစက်ခံရနိုင်ပါတယ်။ ဒါ့အပြင် လက်မသန့်တာ၊ ခွေး၊ကြောင် စတာတွေနဲ့ ထိတွေ့မှုများတာ တွေကတဆင့် ကူးစက်ရရှိဖို့ အရမ်းလွယ်ပါတယ်။

သန်ချသင့်တယ်ဆိုတာတော့ သိပြီ၊ ပုံမှန်လေး သန်ချလို့ရတယ်ဆိုတာလည်းသိပြီ၊ ဒါဆို ဘယ်အချိန်မှာ သန်ချမလဲ။ ကိုယ့်မှာ သန်ကောင်တွေရှိနေရင် ဘာလက္ခဏာတွေဖြစ်လာနိုင်မလဲ သိမှ သန်ချဆေးအချိန်မီသောက်ရမှာပါ။ သန်ချဖို့လိုနေပြီလား သိနိုင်ဖို့ ဒီလက္ခဏာလေးတွေ သိထားသင့်ပါတယ်။
သန်ကောင်တွေရှိနေပြီလို့ ဖော်ပြနေတဲ့လက္ခဏာများ

ဝမ်းလျှောခြင်း

ဝမ်းလျှောခြင်းက ရောဂါအတော်များများရဲ့ အဖြစ်များတဲ့လက္ခဏာတစ်ခုဖြစ်ပေမယ့် ကျန်းမာရေးနဲ့မညီတဲ့အစားအသောက်တွေစားသုံးခြင်းကနေ နှလုံးနဲ့အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်းအထိ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အူထဲမှာ သန်ကောင်တွေများလွန်းလာတဲ့အခါ ဝမ်းပျက်တတ်ပါတယ်။ မစင်ထဲမှာ အကောင်တွေပါလာတာ တွေ့ရတတ်ပါတယ်။

ဗိုက်အောင့်ခြင်း

သန်ကောင်ကြောင့် ရံဖန်ရံခါ ဗိုက်အောင့်ဝေဒနာခံစားရပြီး ပြင်းထန်တဲ့အခါမျိုးလည်းရှိတတ်ပါတယ်။ အမျိုးသမီးတွေကျတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာနဲ့ ဆင်တူတာကြောင့် သိပ်သတိမထားမိကြပါဘူး။ သန်ကောင်ကြောင့်ဖြစ်ရတဲ့ ဝေဒနာက ဝမ်းဗိုက်အောက်ပိုင်း၊ ဆီးစပ်နားလောက်မှာ အောင့်စေတာပါ။ အူနံရံမှာ တိုက်ရိုက်ကပ်တွယ်စားသောက်နေတဲ့ သန်ကောင်တွေရှိနေတဲ့အခါ အာရုံကြောတွေကို ဆွသလိုဖြစ်လာပြီး နာကျင်မှုပြင်းထန်စေတာဖြစ်ပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်း

ဒီလက္ခဏာကတော့ ကလေးတွေနဲ့ မြီးကောင်ပေါက်လူငယ်တွေမှာ အဖြစ်များပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ကပ်ပါးဖြစ်တဲ့ သန်ကောင်တွေက လက်ခံ ခန္ဓာကိုယ်ဆီက အာဟာရဓာတ်တွေကို စားသုံးရှင်သန်နေကြပါတယ်။ အဲဒီတော့ သန်ကောင်တွေက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင်တွေနဲ့သတ္တုဓာတ်တွေကို စားသုံးပစ်တဲ့အခါ ကလေးတွေက ထွားသင့်သလောက်ထွားမလာဘဲ ရှိသင့်တာထက် အရပ်ပုနေတာ၊ ပိန်နေတာတွေ ဖြစ်နေတတ်ပါတယ်။ စားသလောက်အားမဖြစ်တဲ့ သဘောပါ။

သင့်ကလေးက တစ်နေ့တာမှာ ပုံမှန်ထက် အိပ်ချိန်များနေပြီး နိုးလာချိန်မှာ ပင်ပန်းအားနည်းသလိုဖြစ်နေတာ တွေ့ရရင်၊ အစားစားပေမယ့် ပိန်နေဆဲဖြစ်ရင် သန်ကောင်ကြောင့်ဖြစ်နေနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သန်ချဖို့ စီစဉ်ပါ။

မောပန်းနုံးချိခြင်း

ဒါကတော့ အာဟာရချို့တဲ့ တဲ့လက္ခဏာပါ။ သန်ကောင်တွေလောက် လူ့ခန္ဓာကိုယ်က အာဟာရဓာတ်တွေမရလိုက်တဲ့အခါ လူက အားနည်းလာပြီး အိပ်ငိုက်ခြင်းကို ခံစားရမှာဖြစ်ပါတယ်။ အားမရှိသလို ခံစားရတဲ့အပြောင်းအလဲတွေကို သတိထားမိလာတယ်ဆိုရင် တခြားသန်ထတဲ့လက္ခဏာတွေရှိနေသလား စပြီးစောင့်ကြည့်သင့်ပါပြီ။

ချောင်းခြောက်ဆိုးခြင်း

လူ့ခန္ဓာကိုယ်ထဲမှာ သန်ကောင်အမျိုးအစားပေါင်းစုံရှိနေနိုင်ပါတယ်။ ဒါပေမယ့် သန်ကောင်ဥကနေ သားလောင်းဘဝအထိ ပထမအဆင့်အတွင်းမှာ အူထဲမှာတင်မကဘဲ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေမှာလည်း ရှင်သန်နေထိုင်နိုင်ကြပါတယ်။

တချို့သန်ကောင်တွေက အဆုတ်နဲ့ အစာရေမျိုမှာ တွယ်ကပ်ရှင်သန်ကြတဲ့အတွက် အာရုံသိတစ်ရှူးတွေရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆေးဝါးတွေထိုက်သင့်သလောက်သောက်သုံးနေတာတောင်မှ မသက်သာတဲ့ ချောင်းခြောက်ဆိုးတဲ့ဝေဒနာတွေဟာ သန်ကောင်ကြောင့်ဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာက အတော်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး ပင်ပန်းရပါတယ်။

ရင်ကျပ်ခြင်း၊ အသက်ရှူမဝခြင်း

အဆုတ်ထဲမှာ သန်ကောင်တွေရှိနေတဲ့အခါ ရောင်ရမ်းမှုတွေဖြစ်စေပြီး ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ ဖျားခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှူသံတရွှီရွှီဖြစ်နေခြင်း စတဲ့လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

အစာစားချင်စိတ် အပြောင်းအလဲဖြစ်ခြင်း

သန်ကောင်တွေ ခန္ဓာကိုယ်ထဲများနေတဲ့အခါ သူတို့ရဲ့တည်ရှိမှုကို အသွင်သဏ္ဍာန်အားဖြင့် မသိသာပေမယ့် အူတွင်းက အာရုံခံ stimuli တွေရဲ့သတင်းပေးပို့မှုကို ခန္ဓာကိုယ်က လက်ခံသိရှိနိုင်ပါတယ်။ အဲဒီ stimuli တွေက ဗိုက်ပြည့်နေပြီလို့ ဦးနှောက်ကို သတင်းပို့လိုက်ပေမယ့် ပြည့်နေတဲ့အရာက စားသုံးလိုက်တဲ့အစာလား၊ သန်ကောင်တွေလားဆိုတာ အတိအကျ မသိလိုက်နိုင်ပါဘူး။ ဒါ့ကြောင့် အစာစားချင်စိတ်မှာ ရုတ်တရက်အပြောင်းအလဲတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အစားနည်းနည်းလေးနဲ့ ဗိုက်ပြည့်ပြီး အစားနည်းသထက်နည်းလာနိုင်ပါတယ်။

တစ်ဖက်ကဆိုရင်လည်း တချို့သန်ကောင်အမျိုးအစားက အာဟာရဓာတ်တွေကိုအများကြီးစားသုံးတတ်တာကြောင့် ခန္ဓာကိုယ်ကို အာဟာရချို့တဲ့စေနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် မကြာခဏဆာလောင်လာပြီး အစားပိုများလာတတ်ပါတယ်။

အခုဖော်ပြခဲ့တဲ့လက္ခဏာတွေ ကိုယ့်မှာရှိနေရင် သန်ကျဆေးသောက်ဖို့ မတုံ့နှေးနေပါနဲ့တော့။  နောက်ပိုင်းမှာ သန်ချဖို့ အစွမ်းထက်တဲ့ဆေးဝါးတွေလည်းရှိနေပြီဆိုတော့ လက္ခဏာတွေပိုဆိုးမလာခင် ကုသဖို့ သတိထားပါ။ဒီထဲက လက္ခဏာနှစ်ခုနဲ့အထက် ကိုယ့်မှာရှိနေရင် ၊ပြင်းထန်ရင် ဆရာဝန်ပြဖို့ အကြံပြုချင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly