အင်ဂျန်းယန်မြို့နယ်ရှိ စစ်ရှောင်တချို့နေရပ်ပြန်

အင်ဂျန်းယန်မြို့နယ်ရှိ စစ်ရှောင်တချို့နေရပ်ပြန်
စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ရန်ကုန်၊ မေ ၂၈ ။         ။ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်ထဲမှ စစ်ရှောင် ထွက်ပြေးနေသူတချို့မှာ တိုက်ပွဲများမရှိတော့၍ နေရပ်သို့ပြန်ကြပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

သို့သော် မြစ်ကြီးနားရှိ ကယ်ဆယ်ရေးစခန်းများနှင့် ၀ိုင်းမော်ဘက်သို့ ထွက်ပြေးသူများမဟုတ်ဘဲ အင်ဂျန်းယန်မြို့နယ်ရှိ နေရာများတွင်ပုန်းအောင်း ကျန်ရစ်နေသူ တချို့သာ   နေရပ်ပြန်နေခြင်းဖြစ်ကြောင်း   မြစ်ကြီးနားမြို့ ကြီနီနှစ်ခြင်းအသင်းတော်ရှိ အင်ဂျန်းယန်စစ်ရှောင်စခန်း စည်းကမ်းထိန်း သိမ်းရေးတာဝန်ခံ ဦးပရမ်ရှောင်ကပြောသည်။

“ ဒီဘက်ကိုဆင်းလာတဲ့ စစ်ရှောင်တွေကျတော့ ပြန်လာတဲ့ထဲမှာမပါသေးဘူးခင်ဗျ။ အင်ဂျန်းယန်မှာ ပိတ်မိနေတယ်ဆိုပါစို့ဗျာ အဲ့ဒီ့လူတွေပဲ နေခွင့်ပြူထားတာ အဲ့ဒီ့အဆင့်ပဲရှိသေးတယ် “ ဟု ၄င်းကပြောသည်။

နေရပ်ပြန်သူများမှာ မိသားစု ၁၀ စုခန့်သာရှိမည်ဟု ၄င်းက ခန့်မှန်းပြောဆိုသည်။

ထို့အပြင် အင်ဂျန်းယန်မြို့ပေါ်သို့ ထွက်ပြေးခိုလှုံနေကြသည့် အင်လောက်ယန်နှင့် အင်ဝိုင်းကောင်ကျေးရွာမှ ဒေသခံ အိမ်ထောင်စု ၄၀၊ လူဦးရေ အားဖြင့်၂၀၀ ခန့်မှာ နေရပ်ပြန်ကြပြီဖြစ်ကြောင်း အင်ဂျန်းယန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါင်ကပြောဆိုထားသည်။

အင်ဂျန်းယန်ဒေသခံ စစ်ရှောင်နေရသူအများစုမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်ထွက်ပြေးလာရပြီး မိမိတို့၏ လယ်ယာများ၊ အိမ်မွေးတိရိစ္ဆာန်များကျန်ရစ်ခဲ့ သောကြောင့်   နေရပ်ပြန်လိုနေကြကြောင်းလည်း သိရသည်။

တိုက်ပွဲများ မရှိတော့သော်လည်း အင်ဂျန်းယန်မြို့နယ်ထဲရှိ ရွာတချို့တွင် အစိုးရတပ်များနေရာယူထားသောကြောင့် တိုက်ပွဲပြန်ဖြစ်မည်ကိုလည်း စိုးရိမ်နေရသည်ဟု ဦးပရမ်ရှောင်ကဆိုသည်။

လွန်ခဲ့သည့် ဧပြီလအတွင်း တနိုင်း၊ အင်ဂျန်းယန်၊ မိုးကောင်း၊ ဖားကန့် ဒေသများမှ တပ်မတော်နှင့် KIA တို့၏ တကျာ့ပြန်စစ်ပွဲများကြောင့် စစ်ဘေးရှောင် နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ၆၀၀၀ ၀န်းကျင်ရှိနေပြီလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly