ဂါဇာတောင်ပိုင်းက ဟားမတ်စ်ပစ်မှတ်များအား အစ္စရေး လေကြောင်းတိုက်ခိုက်

ဂါဇာတောင်ပိုင်းက ဟားမတ်စ်ပစ်မှတ်များအား အစ္စရေး လေကြောင်းတိုက်ခိုက်

ဂျေရုဆလင်၊ မေ ၂၈ ။                ။ အစ္စရေးပိုင််နက်အတွင်း နယ်စပ်စည်းရိုးကို ချိုးဖောက်ဝင်ရောက်ပြီးနောက် ပါလက်စတိုင်းလေးဦးတို့က မီးလောင်ဗုံး ပစ်ဖောက်ခဲ့မှု ဖြစ်ပွားပြီးနောက် ထိုသို့ စိမ့်ဝင်ထိုးဖောက်မှုအား လက်တုံ့ပြန်ပြီး ဂါဇာက ဟားမတ်စ်ပစ်မှတ်များကို မေ ၂၆ ရက်တွင် အစ္စရေးလေတပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် IDF က ထုတ်ပြန်သည်။

ထိုစိမ့်ဝင်ထိုးဖောက်သူများသည် “ပြန်လည်စုရုံးမှု၊ ပါလက်စတိုင်းမြေသို့ ပြန်လာခြင်း”ဆိုသော စာသား ရိုက်နှိပ်ထားသည့် ရွက်ဖျက်တဲတစ်လုံးကိုလည်း ထားရစ်ခဲ့ကြောင်း IDF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်း စိမ့်ဝင်ထိုးဖောက်သူ ပါလက်စတိုင်းများထံသို့ အစ္စရေးစစ်သားများ ရောက်ရှိလာပြီး သတိပေးပစ်ခတ်ခဲ့ရာ ၎င်းတို့က စည်းရိုးတစ်ဖက်ရှိ ပါလက်စတိုင်းဖက်သို့ ပြန်လည်ထွက်ခွာကြောင်း၊ ဒဏ်ရာရမှု သတင်း မကြားသိရကြောင်း သိရသည်။

အဆိုပါ မေ ၂၆ ရက် ဖြစ်ရပ်သည် နယ်စပ်စည်းရိုးနှင့် လုံခြံုရေးအဆောက်အအုံများကို ဖျက်စီးကာ အစ္စရေးပိုင်နက်အတွင်း ၀င်ရောက်ရန် ကြိုးစားမှုများစွာမှ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း အစ္စရေးစစ်တပ်က အခိုင်အမာပြောသည်။

အစ္စရေးနှင့် နယ်စပ် ဂါဇာဒေသကို ထိန်းချုပ်ကြီးစိုးထားသည့် ဟားမတ်စ်တို့၏ သွေးထိုးနေသော အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်း အစ္စရေးဖက်က ဆိုထားသည်။ ယင်းဟားမတ်စ်အဖွဲ့ကို အစ္စရေး၊ အီးယူ၊ အမေရိကန်နှင့် အခြားနိုင်ငံများက အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ဂါဇာဖက်က ခြိမ်းခြောက်တိုက်ခိုက်မှုများကို ကျူးလွန်နေသည့် အဖွဲ့တစ်ရပ်ပဲ ဖြစ်သည်။

ဂါဇာကမ်းမြောင်ဖက်မှ ပါလက်စတိုင်းတို့သည် မီးလောင်စေသော ပစ္စည်းများကို စွန်များဖြင့် လွှတ်တင်ကာ အစ္စရေးဖက် ပို့ပြီး မီးရှို့မှုများ လုပ်ဆောင်ကြသည်ကို အီးပီအေသတင်းထောက်က ပေးပို့သည်။

ယခုလအတွင်း ထိုသို့သော စွန်များ ၃၀၀ ကျော် လွှတ်တင်ခဲ့ရာ အစ္စရေးဖက်ခြမ်းတွင် မီးလောင်မှုပေါင်း ၁၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags