ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးလိုသည့် သူ၏ ဆန္ဒကို ကင်မ်ဂျံုအမ်း ထုတ်ဖော်ပြောဆို

ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးလိုသည့် သူ၏ ဆန္ဒကို ကင်မ်ဂျံုအမ်း ထုတ်ဖော်ပြောဆို

ဆိုးလ်၊ မေ ၂၇ ။             ။ မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျံုအမ်းသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးလို သည့် သူ၏မယိမ်းယိုင်သောသဘောထားကို တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နှင့် စနေနေ့က တွေ့ဆုံခဲ့ စဉ်တွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယားသတင်းအေဂျင်စီ ကေအဲန်စီအေက တနင်္ဂနွေနေ့တွင် သတင်းတင်ပြခဲ့သည်။

ကင်မ်ဂျံုအမ်းသည် တောင်ကိုရီးယားသမ္မတမွန်းဂျေးအင်နှင့် နှစ်နိုင်ငံနယ်စပ်ရှိ ပန်မွန်ဂျွန်အရပ်၌ တွေ့ဆုံ ဆွေးနွေးခဲ့စဉ်တွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သလို တောင်ကိုရီးယားသမ္မတနှင့်လည်း ဇွန်လ ၁ ရက်နေ့တွင် ကိုရီးယားအရေး အဆင့်မြင့်ဆွေးနွေးပွဲကို ကျင်းပသွားရန် သဘောတူညီခဲ့သည်။

ကင်မ်ဂျံုအမ်းသည် ဇွန်လ ၁၂ ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ထရမ့်နှင့်သူ၏အစည်းအဝေးပွဲကို ဖြစ်မြောက်အောင် တစ်တပ်တစ်အား အကူအညီပေးခဲ့သော မွန်းဂျေးအင်ကိုလည်း ကျေးဇူးတင်စကားပြောဆိုခဲ့ ပြီး သမိုင်းဝင်ဆွေးနွေးပွဲနှင့် ပတ်သက်၍ သူ၏မယိမ်းယိုင်သောသဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ကေအဲန်စီအေ၏ တင်ပြချက်အရ သိရသည်။

“ခေါင်းဆောင်နှစ်ဦးဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွား မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သလို အနာဂတ်မှာလည်း တွေ့ဆုံဆွေးနွေးပွဲများ မကြာခဏပြုလုပ်သွားမယ်လို့ သဘောတူညီခဲ့ကြပါတယ်” ဟု ကေအဲန်စီအေက ဖြည့်စွက်ဖော်ပြခဲ့သည်။

ကင်မ်ဂျံုအမ်းနှင့် မွန်းဂျေးအင်တို့သည် ပြီးခဲ့သောဧပြီလ ၂၇ ရက်နေ့ကလည်း ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသလို ပန်မွန်ဂျွန်ကြေညာချက်တွင်လည်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြကာ ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားအလုံးစုံကင်းရှင်းရေးအတွက် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြသည်။

ဒါ့အပြင် စနေနေ့ကကျင်းပခဲ့သော အစည်းအဝေးပွဲတွင်လည်း ခေါင်းဆောင်နှစ်ဦးသည် ဇွန်လ ၁ ရက်နေ့တွင် အဆင့်မြင့်အစည်းဝေးပွဲကို ကျင်းပသွားရန် သဘောတူညီခဲ့ကြပြီး ပန်မွန်ဂျွန်သဘောတူညီချက်တွင် ပါ၀င်သော အချက်အလက်များကို အကောင်အထည်ဖော်ရန်နှင့် နယ်ပယ်အသီးသီးအတွက် ဆွေးနွေးညှိုနှိုင်းမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ကေအဲန်စီအေက သတင်းတင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly