ရခိုင်ပြည်နယ် စီးပွားရေးဝန်ကြီး၏ ဇနီးပိုင် ကုမ္ပဏီကို လွှတ်တော်စစ်ဆေးရေးအဖွဲ့ စစ်ဆေးခွင့်မရဟု ဆို

ရခိုင်ပြည်နယ် စီးပွားရေးဝန်ကြီး၏ ဇနီးပိုင် ကုမ္ပဏီကို လွှတ်တော်စစ်ဆေးရေးအဖွဲ့ စစ်ဆေးခွင့်မရဟု ဆို
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း (ဓာတ်ပုံ RiA)

စစ်တွေ၊ မေလ ၂၇ ရက်။           ။ ရခိုင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်​စွဲပြစ်တင်ထားခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ဝန်ကြီး၏ ဇနီးပိုင် ကုမ္ပဏီပရိုင်ဖိုင်ကိုမှု စစ်ဆေးရန် တောင်းခံ၍မရဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးနိုင်ကြွယ်အေးက ပြောသည်။

ဝန်ကြီးဦးကျော်အေးသိန်း ဇနီးပိုင်ဆိုင်သည့် ကုမ္ပဏီမှာ ရခိုင်ပြည်နယ်အခြေစိုက် သိင်္ဂ ီရွှေပြည်ဆောက်လုပ်ရေး ကုမ္ပဏီ ဟုသိရပြီး ကုမ္ပဏီပရိုဖိုင်ကို အစိုးရအဖွဲ့မှတစ်ဆင့် စာတင် တောင်းခံပြီးမှ ကြည့်ရှုခွင့် ပြုမည်ဟုဆိုကာ ငြင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော်က စွပ်စွဲအပြစ်တင်ထားသည့် စီးပွားရေးဝန်ကြီးနှင့် ဆက်စပ်ပြီးအခြားကုမ္ပဏီများ၏ ပရိုဖိုင်ကို တောင်းခံ စစ်ဆေး၍ ရခဲ့ပြီး ဝန်ကြီး၏ ဇနီးပိုင် ကုမ္ပဏီပရိုင်ဖိုင်ကိုမှု စစ်ဆေးရန် တောင်းခံ၍မရခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော် ကိုယ်စားလှယ်တွေ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက ကုမ္ပဏီတွေရဲ့ ပရိုဖိုင်ကို တောင်းကြည့်လို့ ရတယ်။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုရဲ့ ပရိုဖိုင်ကို တောင်းတဲ့အခါမှာ ဝန်ကြီးက ကျွန်တော်တို့ကို အစိုးရအဖွဲ့ကို စာတင်ပြီးမှပေးမယ်လို့ ပြောတယ်။ အဲဒီကုမ္ပဏီကလည်း အခု ဝန်ကြီးဇနီးရဲ့ကုမ္ပဏီဖြစ်နေတယ်။ ဒီကုမ္ပဏီကျမှ ဝန်ကြီးက ဘာကြောင့် ဒီလို လုပ်တာလဲတော့ မသိရသေးဘူး။ ဒါပေမဲ့ အဖြေတော့ ပေါ်လာမှာပါ။”ဟု အဖွဲ့ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက ပြောသည်။

စစ်ဆေးမေးမြန်းထားသည့် သက်သေများအနက် လွှတ်တော်ကိုယ်စားလှယ်များ၊ ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းရှင် များ ပါဝင်ကာ တင်ဒါခေါ်ယူသည့်အခါ တင်ဒါစည်းမျည်း၊ စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့်အပြင် နီးစပ်ရာ ကုမ္ပဏီများကို မျက်နှာသာပေးခဲ့သည့် အချက်များကို စိစစ်တွေ့ရှိထားကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကုမ္ပဏီ၏ ပရိုဖိုင်မှာ ကုမ္ပဏီနှင့် မသက်ဆိုင်သလို အစိုးရအဖွဲ့မှလည်း အထောက်ထားအဖြစ် ထိန်းသိမ်းထားသည့်လုပ်ငန်း ဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံ တရားဝင် စာဖြင့်တောင်းခံရန် လိုအပ်ကြောင်း စွပ်စွဲပြစ်တင်ခံထားရ သည့် ဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

“အစိုးရနဲ့ သက်ဆိုင်တဲ့ ပစ္စည်းဆိုရင် နှုတ်နဲ့တောင်းလို့ရတဲ့ ပစ္စည်းမဟုတ်ဘူးလေ။ တရားဝင်တောင်းရင် တရားဝင်ပေးမှာ ပေါ့။ ဒါက ကုမ္ပဏီနဲ့မဆိုင်ဘူး။ အစိုးရမှာ အထောက်ထားအနေနဲ့ သိမ်းထားတဲ့ လုပ်ငန်းတွေ ဖြစ်နေပြီလေ။ တင်ဒါအဖွဲ့မှာ ခရိုင်ထွေအုပ်မှာ အထောက်ထားအနေနဲ့ သိမ်းထားတာ။ ဟိုဟာတွေနဲ့ တူတာမှ မဟုတ်တာ။ အခုက စစ်ဆေးနေတဲ့ ကိစ္စလေ။ သာမန်ကုမ္ပဏီတစ်ခုကို သွားကြည့်တဲ့ပုံစံက မဟုတ်ဘူး။”ဟု ဝန်ကြီးက ဆိုသည်။

စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း စွပ်စွဲပြစ်တင်ခံထားရခြင်းနှင့် ပတ်သက်ပြီး စိစစ်တွေ့ရှိချက် အပြီးသတ်အစီရင်ခံစာကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်သည်။

အဆိုပါ ဝန်ကြီး ဦးကျော်အေးသိန်းမှာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်၏ ခွင့်ပြုရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် မြို့နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ထိခိုက်နစ်နာရသည်ဟုဆိုကာ တာဝန်ကရပ်စဲဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က ပြည်နယ်ဥက္ကဌထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း ယခုကဲ့သို့ ပြည်နယ်လွှတ်တော်မှာ စွပ်စွဲပြစ်တင်ကာ ရာထူးနှင့် တာဝန်က ရပ်စဲသင့်ကြောင်း ပြည်နယ်လွှတ်တော်မှာ မဲခွဲအတည်ပြုပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံသမ္မတ လက်မှတ်ထိုးကာ ဦးမင်းအောင်ကို ရာထူးနှင့် တာဝန်က ရပ်စဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly