ဘေးလ်ရဲ့ မှော်ဝင်သွင်းဂိုးတွေနဲ့ ရီးယလ်မက်ဒရစ်အသင်း (၃)နှစ်ဆက် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူး

ဘေးလ်ရဲ့ မှော်ဝင်သွင်းဂိုးတွေနဲ့ ရီးယလ်မက်ဒရစ်အသင်း (၃)နှစ်ဆက် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူး
(ဓာတ်ပုံ - အီးပီအေ)

ပွဲပြီးရလဒ်

ရီးယဲလ် ၃-၁ လီဗာပူးလ်
ဘန်ဇီမား ၅၁'၊ ဘေးလ် (၆၄၊ ၈၃') | မာနေး ၅၅' မိနစ်

ဂါရတ်ဘေးလ်ရဲ့ နောက်ပြန်ကန်ချက်ဂိုးအပါအဝင် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်က လီဗာပူးလ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရပြီး ၃ နှစ်ဆက် ချန်ပီယံလိဂ် ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ၎င်းတို့ရဲ့ ၂ နှစ်ဆက် ချန်ပီယံစံချိန်ကို ပြန်လည် ချိုးဖျက်ကာ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရီးယဲလ်အသင်းအတွက် အဖွင့်ဂိုးကို ဒုတိယပိုင်းအစောပိုင်းမှာ ဂိုးသမား လိုရစ် ကာရီယက်စ် ရဲ့ အမှားကနေတစ်ဆင့် ဘန်ဇီးမားက သွင်းယူခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်အသင်းရဲ့ အဓိကအားထားရဲ့ တောင်ပံကစားသမား ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုရှင် မိုဟာမက် ဆာလတ်ဟာ ရာမို့စ်နဲ့ ဘောလုံးယှဉ်လုရာမှာ ပခုံးဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းတွင်းမှ ထွက်ခွာသွားခဲ့ရပါတယ်။

လီဗာပူးလ်အသင်းတို့ ဂိုးပေးလိုက်ရပေမယ့် ချက်ချင်းဆိုသလို ထောင့်ကန်ဘောကနေတစ်ဆင့် မာနေးက ပွဲချိန် ၅၅ မိနစ်မှာ ပိတ်သွင်းခဲ့ပြီး ချေပဂိုးရယူပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း လူစားလဲဝင်ရောက်လာတဲ့ ဘေးလ်ဟာ ၃ မိနစ်အကြာမှာပဲ နောက်ခံလူ မာဆယ်လိုရဲ့ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မြင်ရခဲတဲ့ အငြင်းပွားဖွယ်မရှိ အကောင်းဆုံးဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး ရီးယဲလ်တို့ ၂-၁ ဂိုးရလဒ်နဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ မာနေးရဲ့ ကန်သွင်းချက် ဂိုးတိုင်အောက်ခြေထိပြီး နစ်နာခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ဂိုးသမား ကာရီယက်စ်ရဲ့ နောက်ထပ်အမှားတစ်ခု ပြုလုပ်မိချိန်မှာတော့ လီဗာပူးလ်တို့ရဲ့ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလား မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့ပြီး တန်ဖိုးကြီးကြီးမားမား ပေးဆပ်လိုက်ရတာလည်းဖြစ်ပါတယ်။

အဲဒီအမှားကတော့ ပွဲချိန် ၈၃ မိနစ်မှာ ဘေးလ်ရဲ့ အဝေးကန်ချက်ကို ကူရစ်စ် ပုတ်ထုတ်ရာမှာ အဆင်သင့်ဖြစ်တဲ့အနေအထားမှာ ရှိမနေတာနဲ့ ပေါ့ဆမှုကြောင့် ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၀၅ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ပွဲစဉ်ဖြစ်တဲ့ အေစီမီလန်ကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ရာကနေ ပြန်လာနိုင်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ပြန်လာနိုင်ခဲ့ခြင်းမရှိတာကြောင့် ရီးယဲလ်မက်ဒရစ်တို့က သူတို့ရဲ့ ၁၃ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly