တောင်နှင့် မြောက် ကိုရီးယား ခေါင်းဆောင်နှစ်ဦး စစ်မဲ့ဇုန်တွင် ဒုတိယအကြိမ်တွေ့ဆုံ

တောင်နှင့် မြောက် ကိုရီးယား ခေါင်းဆောင်နှစ်ဦး စစ်မဲ့ဇုန်တွင် ဒုတိယအကြိမ်တွေ့ဆုံ

ဆိုးလ်၊ မေ ၂၆ ။      ။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားကို ခွဲခြားထားသည့် စစ်မဲ့ဇုန်အတွင်း တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်တို့နှစ်ဦး မေ ၂၆ ရက်က ထပ်မံတွေ့ဆုံကြသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြံုယမ်းနှင့် ထိပ်သီးအစည်းအဝေး ကျင်းပရေး ဖြစ်နို်င်နေဆဲပါဟု ပြောလိုက်ပြီး နောက်တစ်ရက်တွင် ၎င်းတို့နှစ်ဦးက တွေ့ဆုံခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယား သမ္မတရုံးဖြစ်သော အိမ်ပြာတော်က အပစ်ရပ်ကျေးရွာ ပန်မန်ဂျွမ်တွင် ခေါင်းဆောင်နှစ်ဦးတို့ နှစ်နာရီကြာ တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းအပစ်ရွာမှာပင် ပြီးခဲ့သည့်လအတွင်းက ပထမဆုံး သမိုင်းဝင် တွေ့ဆုံခဲ့ပြီး ဆက်ဆံရေး တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြောင်း ကြေညာထားခဲ့ခြင်းလည်း ဖြစ်သည်။

“ပန်မန်ဂျွမ်ကြေညာချက် အကောင်အထည်ဖော်ရေးနှင့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး နည်းလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း။” အိမ်ပြာတော်က ထုတ်ပြန်ပြီး မေ ၂၇ ရက်တွင် သမ္မတ မွန်ဂျေအင်းက ကိုယ်ပိုင်ကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

မေ ၂၄ ရက်က သမ္မတ ထရမ့်သည် မြောက်ကိုရီးယား၏ ရန်လိုအားကြီးမှုကြောင့်ဆိုကာ စင်ကာပူတွင် ဇွန် ၁၃ ရက်တွင် စီစဉ်ထားသော ထိပ်သီးအစည်းအဝေးအား ဖျက်သိမ်းကြောင်း ကင်ဂျုံးအွန်ထံသို့ စာရေးသား ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ထရမ့်၏ စာကို မြောက်ကိုရီးယားဖက်က အစည်းအဝေးအတွက် မည်သည့်အချိန်၊ မည်သည့်ပုံစံမျိုးမဆိုမှာ စိတ်ဆန္ဒရှိနေကြောင်း တု့ံပြန်ရာ ထရမ့်က ကြိုဆိုပြီး အစည်းအဝေးက ဖြစ်နိုင်သည့် လမ်းကြောင်းပေါ်မှာ ရှိနေဆဲဟု နောက်တစ်ရက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags