ဂန္ဓမာ Whole Sale အနီး ကန်စွန်းခင်းတဝိုက်နေထိုင်သူများကို အဓမ္မနှင်ထုတ်ခြင်းမရှိ ဟုဆို

ဂန္ဓမာ Whole Sale အနီး ကန်စွန်းခင်းတဝိုက်နေထိုင်သူများကို အဓမ္မနှင်ထုတ်ခြင်းမရှိ ဟုဆို

မေ ၂၆။       ။တောင်ဥက္ကလာပမြို့နယ် ဝေဇန္တယာလမ်းမကြီးဘေး၊ ဂန္ဓမာ Whole Sale အနီးရှိ ကန်စွန်းစိုက်ခင်းကိုတပ်မြေဧရိယာအနေအထား အဖြစ် ခြံစည်းရိုးခတ်ခြင်းသာဖြစ်ပြီး နေထိုင်သူများကို အဓမ္မနှင်ထုတ်ခြင်း မရှိကြောင်း တပ်မြို့စည်ပင်သာယာရေးအဖွဲ့ မြေယာလက်ထောက်ကြီးကြပ်ရေးမှူး ဦးအောင်မျိုးအေးက ပြောသည်။

"အခု တောင်ဥက္ကလာကန်စွန်းခင်းနဲ့ပတ်သက်လို့ တပ်မြေအနေအထားဧရိယာ ခြံစည်းရိုးအနေအထားခတ်လိုက်တဲ့သဘောပါ။ ဒီထဲမှာရှိတဲ့ အဖွဲ့တွေကို နှင်ထုတ်ထားခြင်းလည်း လောလောဆယ် အဓမ္မနှင်ထုတ်ထား တာလည်းမရှိဘူး။ ဒါပေမယ့် စာပို့ထားတာတော့ သုံးကြိမ်မကရှိပါတယ်။ နောက်ဆုံးအကြိမ်လည်းထုတ်ထားပြီး သား ဒီထဲကနေပြီးထွက်ပေးဖို့အတွက်ကို ဒါပေမယ့် နိုင့်ထက်စီးနင်း အခုချိန်ထိ မလုပ်ပါဘူး" ဟု ၎င်းကပြောသည်။

အဆိုပါ ကန်စွန်းစိုက်ခင်းကို မေ ၂၅ ရက်တွင် တပ်မြေဧရိယာအဖြစ် တပ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ခြံစည်းရိုးလာရောက်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ခြံစည်ရိုးလာရောက်ခတ်ခြင်းသည် သဘောမတူဘဲ အင်အားသုံးပြီးခတ်ခံရ ခြင်းဖြစ်ကြောင်း ကန် စွန်းစိုက်ခင်းပိုင်ရှင်များ ကပြောသည်။

၂၀၁၂ခုနှစ်တွင် ကန်စွန်းစိုက်ခင်းများနှင့် ပတ်သတ်၍ နိုင်ငံတော် သမ္မတထံတင်ပြခဲ့ပြီး မြေယာများလည်း စစ် ဆေးပြီးဖြစ်ကြောင်း ကန်စွန်းစိုက်ခင်းလုပ်ငန်းလုပ်ကိုင်သူ ဦးရန်ဝင်းအောင်ကပြောသည်။

"သဘောမတူဘူး။ အင်အားသုံးပြီးတော့ ခတ်ခံရတာပါ။ အခုက ၀င်ပေါက်ထွက်ပေါက်တွေ အန္တရာယ်များလာ တယ်။ ခြံစည်းရိုး သံဇကာတွေခတ်တယ်။ တို့တွေကို ၂၀၁၆ ခုနှစ်ထဲကခေါ်စစ်ဆေးပြီးသား ဒါကိုဘာမှ ညှိနှိုင်းမှု မရှိဘူး။ ဘေးနားကို ကာပစ်လိုက်တယ်။ ကန်စွန်းခင်းက ၀င်ပေါက်ထွက်ပေါက်အကုန်ရှိတယ်။ နီးတဲ့နေရာဆွဲ ထွက်ရတာ ။ ဒီဟာတွေ အခက်အခဲတွေအများကြီးဖြစ်နေတယ်" ဟု ၎င်းကပြောသည်။

၎င်းကန်စွန်းစိုက်ခင်းသည် နှစ်ပေါင်း ၆၀ ကျော်ကြာလုပ်ကိုင်ခဲ့သော ကန်စွန်းခင်းဖြစ်ပြီး ကန်စွန်းခင်းပိုင်ရှင် ၂၈ ဦး ရှိကာ အလုပ်သမား ၁၂၀ကျော်နှင့် လူဦးရေ ၄၀၀ခန့် နေထိုင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

"သက်ဆိုင်ရာဌာနတွေကိုတော့ စာတင်မယ်။ နိုင်ငံတော်အတွက် တကယ်လိုအပ်တဲ့ စီမံကိန်းမျိုးဆိုရင်တော့ ငြင်းစရာမရှိဘူးလေ။ သို့သော်လည်း အဲလိုဖြစ်လာရင် ဒီမှာနေထိုင်နေတဲ့ မိသားစုတွေ လုပ်ကိုင်စားတဲ့သူတွေ အတွက်ဘယ်လိုစဉ်စားပေးမလဲ။ ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။ ဒီတိုင်း ငုတ်တုတ်ထိုင်ပြီးငတ်ပြတ်သေရ မယ့်ကိစ္စကြီးကတော့မဖြစ်နိုင်ဘူး။ ဒီကန်စွန်းခင်းကိုအားကိုးပြီး စားသောက်လာတာလည်းအစဉ်အလာဖြစ်နေပြီ ကြာခဲ့ပြီ" ဟု ကန်စွန်းစိုက်ခင်းပိုင်ရှင် ဦးမြင့်ဦးက ပြောသည်။

လက်ရှိ ခြံစည်းရိုးခတ်ခံရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ လွတ်တော်ကိုယ်စား လှယ်များကို အကြောင်းကြားတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ကန်စွန်းစိုက်ခင်း မြေဧရိယာမှာ ၁၉ ဒဿမ ၅၉၅ ဧက ကျယ်ဝန်းပြီး ရန်ကုန်မြို့ ကန်စွန်းစျေးကွက်သို့ ရ၀ ရာခိုင် နှုန်းခန့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly