မလေးရှားတွင် ဒုတိယမြောက် မွေးဖွားသည့် ပန်ဒါ၀က်ဝံပေါက်လေးကို အများပြည်သူနှင့် မိတ်ဆက်

မလေးရှားတွင် ဒုတိယမြောက် မွေးဖွားသည့် ပန်ဒါ၀က်ဝံပေါက်လေးကို အများပြည်သူနှင့် မိတ်ဆက်

 

မေ ၂၆ ။         ။ မလေးရှားနိုင်ငံတွင် ဒုတိယမြောက် မွေးဖွားသည့် ပန်ဒါ ၀က်ဝံ အကောင်ပေါက်လေးကို မေလ ၂၆ ရက်က အများပြည်သူသို့ ထုတ်ဖော်မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။

အလေးချိန် ၉ ကီလို ရှိသည့် ငါးလသားအရွယ် အဆိုပါ ပန်ဒါ ၀က်ဝံလေးကို ယခုထက်ထိ နာမည်မှည့်ခေါ်ရသေး ခြင်း မရှိသေးဘဲ ယင်းနေ့က ၎င်းရှိရာ အမျိုးသားတိရိစ္ဆာန်ရုံတွင် မီဒီယာသို့ မိတ်ဆက်ပြသမှု အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပန်ဒါလေးမှာ တရုတ်နိုင်ငံကနေ မလေးရှားသို့ ဆယ်နှစ်ကြာ အငှားချထားပေးသည့် Xing Xing နှင့် Liang Liang အမည်ရ ပန်ဒါ စုံတွဲမှ ဒုတိယမြောက် ဖွားမြင်လာသည့် သားပေါက်လေးလည်း ဖြစ်သည်။

အဆိုပါ Xing Xing နှင့် Liang Liang တို့ကို တရုတ်နှင့် မလေးရှား သံတမန်ဆက်ဆံမှု အနှစ် ၄၀ ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ပေကျင်းအစိုးရဘက်က အငှားချထားပေးခဲ့ခြင်း ဖြစ်သည်။

ယင်း ပန်ဒါ နှစ်ကောင်မှ ပထမဆုံး ဖွားမြင်ထားခဲ့သည့် ပန်ဒါလေးကိုမူ ပြီးခဲ့သည့် နိုဝင်ဘာလက တရုတ်နိုင်ငံသို့ ပြန်လည်ပေးပို့ပေးထားခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့ ှ ငှားပေးထားသည့် ပန်ဒါ၀က်ဝံများမှ မွေးဖွားလာသည့် သားပေါက်တိုင်းကို တရုတ်ထံသို့ ပြန်ပေးရမည်ဆိုသည့် သဘောတူညီချက်ကြောင့် ယခုကဲ့သို့ ပြန်လည်ပို့ဆောင်ပေးထားရခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly