နမ့်စန်တွင် ကျပ်သိန်း ၉ ထောင်ကျော်တန်ဖိုးရှိ ဘိန်းစိမ်း ပီနံအိတ် ၃၆ အိတ် ဖမ်းမိ

နမ့်စန်တွင် ကျပ်သိန်း ၉ ထောင်ကျော်တန်ဖိုးရှိ ဘိန်းစိမ်း ပီနံအိတ် ၃၆ အိတ် ဖမ်းမိ
ဓာတ်ပုံ - ပြည်ထဲရေး

ရန်ကုန်၊ မေလ ၂၆ ။          ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ ကောင်းမှုဝေကျေးရွာ- နောင်စန့်ကျေးရွာသွား ကားလမ်းတွင် မော်တော်ယာဉ်နှစ်စီးပေါ်မှ ကျပ်သိန်း ၉ ထောင်ကျော်တန်ဖိုးရှိ ဘိန်းစိမ်း ပီနံအိတ် ၃၆ အိတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘိန်းစိမ်းများကို တပ်မတော်နှင့် မက်ကျန်း(ဌာနေ)ပြည်သူ့စစ်တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ မေလ ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကောင်းမှုဝေကျေးရွာ- နောင်စန့်ကျေးရွာသွား ကားလမ်းတွင် မေလ ၂၄ ရက်၊ နံနက် ၁ဝ နာရီခွဲခန့်အချိန် အဆိုပါ ယာဉ်နှစ်စီးမောင်းနှင်လာသည်ကို တပ်မတော်နှင့် ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးခဲ့ရာ ယင်းမူးယစ် ဆေးဝါးများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ခွန်မောင်ခွန်ဆိုသူ မောင်းနှင်ပြီး မောင်ဆွေ၊ လှဖေနှင့် အောင်တင်ဆိုသူတို့ ၃ ဦးလိုက်ပါလာသည့် VIGO မော်တော်ယာဉ်ပေါ်မှ အလေးချိန် ၆ဝဝ ကီလိုရှိ ဘိန်းစိမ်းပီနံအိတ် ၂ဝ အိတ်အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မောင်ဝင်းဆိုသူ မောင်းနှင်ပြီး ဦးတဆန်းနှင့် ခွန်မောင်ဒွန်းဆိုသူတို့ လိုက်ပါ လာသည့် TOYOTA HILUX မော်တော်ယာဉ်ပေါ်မှ ဘိန်းစိမ်းအလေးချိန် ရ၈ဝ ကီလိုနှင့် ဘိန်းညိုမှုန့် ၉ ကီလိုရှိ ပီနံအိတ် ၂၆ အိတ်၊ ငွေကျပ် ရ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင် ထိုသို့ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့သော ခွန်မောင်ခွန်၊ မောင်ဆွေ၊ လှဖေ၊ အောင်တင်၊ မောင်ဝင်း၊ ဦးတဆန်းနှင့် ခွန်မောင်ဒွန်းဆိုသူတို့ ရ ဦးတို့ကို သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly