သြစတြေးလျ သီလရှင်ကို ပြည်နှင်မည့်ကိစ္စ ရပ်ဆိုင်းရေး ဖိလစ်ပိုင်အစိုးရအား တက်ကြွလှုပ်ရှားသူများ တိုက်တွန်း

သြစတြေးလျ သီလရှင်ကို ပြည်နှင်မည့်ကိစ္စ ရပ်ဆိုင်းရေး ဖိလစ်ပိုင်အစိုးရအား တက်ကြွလှုပ်ရှားသူများ တိုက်တွန်း

 

မေ ၂၆ ။                     ။ မလိုလားအပ်သည့် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့၍ဟု ဆိုကာ သြစတြေးလျ သာသနာပြုအဖွဲ့မှ သီလရှင်တစ်ပါးကို ဖိလစ်ပိုင်အစိုးရက နိုင်ငံမှ နှင်ထုတ်ရန် လုပ်ဆောင်နေမှုများ ရပ်ဆိုင်းရေး တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုက တိုက်တွန်းတောင်းဆိုသွားခဲ့သည်။

နိုင်ငံမှ ထွက်သွားရန် ညွှန်ကြားခံထားရသည့် အဆိုပါ သြစတြေးလျ သီလရှင် ပက်ထရစ်ရှာ ဖောက်စ် ကိုယ်တိုင်ကလည်း သူမကို နှင်ထုတ်မည့်ကိစ္စကို ပြန်လည်သုံးသပ်ပေးရန် မေလ ၂၅ ရက်က ဖိလစ်ပိုင်တရားရေးဌာနကို အသနားခံစာ တင်ထားသည်။

ထိုကဲ့သို့ အသနားခံစာ တင်သွင်းမှုကို ပြန်လည်ဆင်ခြင် သုံးသပ်ပေးရေး တက်ကြွလှုပ်ရှားသူအဖွဲ့ Movement Against Tyranny က တရားရေးဌာနကို တိုက်တွန်းဖိအားပေးသွားသည်။

" ဒီအမျိုးသမီးက ဘုရားကျောင်း အမှုထမ်းတစ်ဦးဖြစ်သလို အခွင့်အရေးတွေအတွက် ကာကွယ်ပေးသူဆိုလည်း မမှားပါဘူး၊ နောက်ပြီး တောင်သူတွေနဲ့လည်း အပေါင်းအသင်းတွေ ဖြစ်နေပါပြီ၊ သူက တကယ်တော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးစုနီးပါး ဖိနှိပ်ခံ ဖိလစ်ပိုင်တွေကို ကူညီဖို့ စိတ်နှစ်ကိုယ်နှစ် လုပ်နေခဲ့သူတစ်ယောက်ပါ" ဆိုပြီး အဆိုပါ တက်ကြွလှုပ်ရှားသူအဖွဲ့က ထုတ်ပြန်ပြောကြားသည်။

သို့သော် အဆိုပါ အသက် ရ၁ နှစ်အရွယ် သီလရှင် ဖောက်စ်သည် ဖိလစ်ပိုင်တွင် ၂၇ နှစ်ကြာ ရှိနေခဲ့သူဖြစ်ကာ ယခုနောက်ပိုင်းတွင် သူမ၏ မလိုလားအပ်သည့် နိုင်ငံရေး လှုပ်ရှားမှုများက သမ္မတ ဒူတာတေးကို အမျက်ထွက်စေခဲ့ကြောင်း သိရသည်။

သူမ၏ နိုင်ငံရေးဆိုင်ရာ ပါ၀င်ပတ်သက်လှုပ်ရှားမှုများကြောင့် နိုင်ငံမှ ထွက်ခွာသွားရန် ညွန်ကြားထားခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေး ဗျူရိုက ပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly