ရခိုင်ပြည်နယ်တွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများ ပပျောက်ရေး အမျိုးသမီးများဆွေးနွေး

ရခိုင်ပြည်နယ်တွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများ ပပျောက်ရေး အမျိုးသမီးများဆွေးနွေး
အိမ်တွင်းအကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများ ပပျောက်ရေး အမျိုးသမီးများဆွေးနွေးစဉ်။

သြဂုတ် ၃၁ ရက် ။        ။ ရခိုင်ပြည်နယ်တွင်း အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများ ပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) က ဦးဆောင်ပြီး စစ်တွေမြို့ရှိ အာရီယန်ခန်းမတွင် သြဂုတ်လ ၂၉ နှင့် ၃၀ နှစ်ရက်တာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံလူမှုအဖွဲ့အစည်းများလည်းတက်ရောက်ကြသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုကို အများဆုံးခံနေရပြီး ၁၈ နှစ်အောက် အမျိုးသမီးငယ်များမှာ မုဒိန်းကျင့်မှုခံရမှု အများဆုံးဖြစ်နေကြောင်း ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) က ဒေါ်စောမေလတ်က ပြောကြား သည်။

ထို့ပြင် မိဘနှင့် သားသမီးများအကြားတွင်လည်း အကြမ်းဖက်မှုရှိနေပြီး၊ သမီးရည်းစားများအကြားတွင်လည်း ကာမလိမ်လည်ရယူမှုများ ရှိနေသည်ဟု ဆိုသည်။

ဒေါ်စောမေလတ်က "အကြမ်းဖက်မှုဆိုရင် လင်ရယ်၊ မယားရယ်လို့ပဲ မြင်ကြတယ်။ သားသမီးတွေလည်း အကြမ်းဖက်ခံ နေရတယ်။ တချို့မိဘတွေဆိုရင် သားသမီးတွေအပေါ်မှာ အကြမ်းဖက်တာကို အကြမ်းဖက်တယ်လို့ သူတို့ မသိကြဘူး။ နင့်သားကြီးလာရင် ငါ့သမီးနဲ့ ပေးစားမယ်ဆိုတာမျိုးပေါ့။ မိန်းကလေးက အမှန်တကယ် သဘောကျမှန်း၊ ကြိုက်မှန်းမသိပဲ မိဘတွေ ကတိပေးထားတဲ့အတိုင်း ယူကြရတယ်။ နောက်ပြီးတော့ ကာမလိမ်လည်ရယူမှုပေါ့။ တချို့ သမီးရည်းစားတွေ ဆိုရင် ယောက်ျားက သူ့ချစ်သူကို အချိန်တန်ရင် ယူမယ်ပြောပြီးတော့ ကာမရယူတယ်။ ပြီးတော့ လက်မထပ်တော့ဘူး။ အဲလိုမျိုး အကြမ်းဖက်ခံရတာတွေ ရှိနေပါတယ်။" ဟု ပြောသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်မှာ ညှင်းပန်းနှိပ်စက်မှုများလည်း ရှိနေကြောင်း စစ်တွေမြို့တွင် ရုံးခွဲဖွင့်လှစ်ထားသည့် ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ၏ ဒါရိုက်တာလည်းဖြစ်၊ တရားလွှတ်တော် ရှေ့နေလည်းဖြစ် ဒေါ်လှလှရီက ယခုလိုပြောသည်။

"ကျမတို့ အခုလိုက်နေတဲ့ အမှုဆိုရင် ရသေ့တောင်မှာဖြစ်တာ။ အဲဒီမှာ လမ်းလုပ်မယ်ဆိုပြီးတော့ ခေါ်တယ်။ သက်ဆိုင်ရာ ရဲအရာရှိတစ်ယောက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီးတော့ လမ်းလုပ်တဲ့ အခါမှာ မလုပ်တဲ့သူတွေကို ရိုက်နှက်ပြီး တော့ ညှင်းပန်းနှိပ်စက်တာတွေရှိတယ်။ အဲဒီအမှုကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ကျမတို့ လာတိုင်တာ ရှိပါတယ်။" ဟု ၎င်းက ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် ဒေသခံလူမှုအဖွဲ့အစည်းများက အိမ်တွင်းအကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများကို ရဲအာဏာပိုင် များထံ လာရောက်တိုင်တန်းသော်လည်း ထိရောက်စွာအရေးယူရန် အားနည်းကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသော ရဲအရာရှိများက ဝန်ခံပြီး၊ တချို့ရဲများသည်လည်း လာဘ်ယူမှုရှိကြောင်း ပြောကြားခဲ့သည်ဟု မင်းပြားမှ တရားလွှတ်တော်ရှေ့နေ ဒေါ်တင်တင်သွယ်က ဆိုသည်။

ကျေးရွာများ၌ အချို့အမျိုးသမီးများမှာ အကြမ်းဖက်သည်ကို အကြမ်းဖက်မှန်းမသိကြ၊ ညှင်းပန်းနှိပ်စက်သည်ကို ညှင်းနှိပ်စက်မှန်း မသိကြကြောင်းနှင့် ယင်းအကြမ်းဖက်နှင့် ညှင်းနှိပ်စက်မှုများ ပပျောက် လိုပါက သက်ဆိုင်ရာ အာဏာပိုင်များက ဥပဒေကို အလွဲသုံးစားမလုပ်ကြရန်နှင့် အရပ်ဘက်အဖွဲ့အစည်းများကလည်း အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ပြီး အားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်လှလှရီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly