ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ လီဗာပူးလ်ပရိသတ်များ တိုက်ခိုက်ခံရ

ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ လီဗာပူးလ်ပရိသတ်များ တိုက်ခိုက်ခံရ

 

မေ ၂၆၊ ကိဗ်။           ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ နှစ်ညအလိုက ကိဗ်မြို့မှာ လူရမ်းကားတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတဲ့ လီဗာပူးလ်ပရိသတ်တွေရဲ့ ဓါတ်ပုံတွေပေါ်ထွက်လာခဲ့ပါတယ်။

ဒီအဖြစ်အပျက်နဲ့ဆက်နွယ်နေတဲ့ နှစ်ဦးကိုဖမ်းဆီးထားပြီး အုပ်စုဖွဲ့ရမ်းကားမှုဖြစ်ကြောင်းနဲ့ နိုင်ငံခြားသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းရဲက အတည်ပြုခဲ့ပါတယ်။

ယူကရိန်းမြို့တော်ရဲ့စားသောက်ဆိုင်တစ်ဆိုင်မှာ လီဗာပူးလ်ပရိသတ်တွေရှိနေစဉ် ကြာသပတေးနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီဝန်းကျင်မှာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီစားသောက်ဆိုင်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားမယ့်ဘောလုံးကွင်းနဲ့ မီတာ ၂၀၀ သာဝေးပြီး လီဗာပူးလ်ပရိသတ်တွေဟာ ထိုင်ခုံတွေ၊ စားပွဲတွေသုံးပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခဲ့ရတယ်လို့ စပို့မေးလ်သတင်းမှာ ဖော်ပြထားပါတယ်။

ခံရသူတွေရော တိုက်ခိုက်သူတွေဘက်ကပါ အဖြစ်မှန်ကိုပြောဆိုဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ ယူကရိန်းရဲက ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့သူနှစ်ဦးဟာ ပြစ်ဒဏ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ရမ်းကားမှုနဲ့အမှုဖွင့်စစ်ဆေးခံရမှာဖြစ်ကာ တခြားရန်ပွဲတွေမှာလည်း ပါဝင်ခဲ့ခြင်းရှိ ဖော်ထုတ်သွားမှာဖြစ်တယ်လို့ ယူကရိန်းရဲက ဆိုခဲ့ပါသေးတယ်။

လုံခြံုရေးကအဓိက ဦးစားပေးဖြစ်တယ်လို့ နားလည်ထားတယ်ဆိုတဲ့အကြောင်းနဲ့ မြို့ကို ရဲအင်အား တစ်သောင်းကျော်နဲ့ ဗော်လန်တီယာထောင်ပေါင်းများစွာက စောင့်ကြည့်ထိန်းကျောင်းပေးနေတယ်လို့ ကိဗ်မြို့တော်ဝန်က ပြောဆိုခဲ့ပါတယ်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly