ဖောင်းပြင်တွင် မူလတန်းပြဆရာမအား အဓမ္မပြုကျင့်သတ်ခဲ့သူဟု ယူဆရသူကို သေကြောင်းကြံစည်စဉ် ဖမ်းမိ

.

ဓာတ်ပုံ - ဖောင်းပြင်မြို့မရဲစခန်း, ပြည်ထဲရေး

 

ရန်ကုန်၊ မေလ ၂၆ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မန်မော်- ပိုးစာကုန်း ကျေးရွာချင်းဆက်လမ်းဘေး ပိုးစာကုန်းကျေး ရွာအနောက်ဘက် ၁ မိုင်ခန့်အကွာ ကိုင်းတောအတွင်း မူလတန်းပြ ဆရာမတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ သူဟု ယူဆရသူကို သေကြောင်းကြံစည်စဉ် ဖမ်းဆီးရမိခဲ့ကြောင်း ဖောင်းပြင်မြို့မရဲစခန်းမှ အမှုစစ်ရဲအုပ် ကျော်ခိုင်က မဇ္ဈိမသို့ ပြောသည်။

အသက် ၂၄ နှစ်အရွယ် မူလတန်းပြဆရာမ မခင်နှင်းရီအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူဟု ယူဆရသူမှာ တစ်ရွာတည်းနေ အသက် ၂၅ နှစ်အရွယ် စိုးထက်နိုင်ဆိုသူဖြစ်ကြောင်း သိရသည်။

စိုးထက်နိုင်ဆိုသူအား မေလ ၂၅ ရက်၊ နံနက် ၁၂ နာရီခန့်အချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းက ဆယ် ချောင်းအုပ်စု၊ ဖားအုံကျေးရွာရှိ မြစ်ကမ်းပါးမှ ရေထဲသို့ ခုန်ချကာ သေကြောင်းကြံစည်ရန် ကြိုးစားနေသဖြင့် ရွာသားများက တားဆီးခဲ့ကာ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ သတင်းရသဖြင့် သွားရောက်ဖမ်းဆီးခဲ့ပြီး ၎င်းအားစစ်ဆေးခဲ့ရာမှ မူလတန်းဆရာမအား ထိုသို့ ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

“ ကျွန်တော်တို့ စစ်ကြောရေးလုပ်တယ်။ လုပ်တော့ သူက ဝန်ခံတာပါ။ အဲ့ဒီကောင်က ရုတ်တရက်ပေါ့နော်။ လမ်းမှာတွေ့တဲ့အချိန် ရုတ်တရက်ဖြစ်ပေါ်တဲ့ ကာမရလိုမှုစိတ်ကြောင့် အဲ့လိုဖြစ်သွားတယ်လို့ ထွက်ဆိုတယ်။ ဆရာမက သူ့ကိုသိသွားတဲ့အချိန်မှာအော်တော့ နောက်ကနေလိုက်တာပေါ့နော်။ ကျူးလွန်တဲ့သူကလည်း တစ်ရွာတည်းသားဆိုတော့လေ သိသွားတယ်ဆိုတော့   နှုတ်ပိတ်တဲ့ပုံစံမျိုးနဲ့ ကျောက်ခဲနဲ့ ထုပြီး လုပ်ပစ်လိုက်တာ။ ခေါင်းက ဒဏ်ရာနဲ့ သေဆုံးသွားတယ်”ဟု အမှုစစ်ရဲအုပ်ကျော်ခိုင်က ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် အသက် ၂၅ နှစ်အရွယ် စိုးထက်နိုင် ဆိုသူကို ဖောင်းပြင်မြို့ မရဲစခန်းဖမ်း ချုပ်ထားပြီး (ပ)၆၅/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂(လူသတ်မှု)ဖြင့် ကနဦးအမှုဖွင့်ထားကြောင်း သိရသည်။

 ပြစ်မှုကျူးလွန်ခဲ့သူ ယူဆရသူ အသက် ၂၅ နှစ်အရွယ် စိုးထက်နိုင် ဆိုသူအား လူသတ်မှုပုဒ်မအပြင် မုဒိမ်းမှု ပုဒ်မဖြင့် ထပ်တိုး အမှုဖွင့်၊ မဖွင့်အား မဇ္ဈိမက မေးမြန်းခဲ့ရာ ဆေးစာပြန်ကြားချက်ပေါ်မှုတည်ပြီး အမှုဖွင့်တရား စွဲတင်သွားမည်ဖြစ်ကြောင်းသိရသည်။

“ ဆေးစာတွေဘာတွေ ကျွန်တော်တို့ ပို့ထားပါတယ်။ ဆေးစာပြန်ကြားချက်ပေါ်မှုတည်ပြီးတော့ ကျွန်တော်တို့ ဒီပုဒ်မတွေကို ဥပဒေကြောင်း ပြန်ပြီး တရားစွဲတင်သွားမှာပါ”ဟု ရဲအုပ်ကျော်ခိုင်က ပြောသည်။ မူလတန်းပြဆရာမ၏ ရုပ်အလောင်းကို ပြီးခဲ့သည့် မေလ ၂၂ ရက်၊ ည ၁ဝ နာရီ၊ ၅ဝ မိနစ်ခန့်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဖောင်းပြင်ခေတ္တမြို့မရဲစခန်းမှူးနှင့်အဖွဲ့တို့မှ သွားရောက်စစ်ဆေးရာတွင် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ယာဒူးခေါင်းပွန်းပဲ့၊ ဝဲပုခုံးညိုမဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာတို့ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မိန်းမအင်္ဂါစပ် ဆီးခုံအနီးတွင် သွေးစအနည်းငယ်ထွက်လျက် သေဆုံးနေခြင်းဖြစ်ပြီး မခင်နှင်းရီ၏ ရုပ်အလောင်းအနီးတွင် ဆိုင်ကယ် ၁ စီး၊ သွေးစွန်းနေသော ကျောက်တုံး ၁ တုံး၊ ၄x၂ သစ်သားချောင်း ၁ ချောင်း၊ အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီ ၁ ထည် (မခင်နှင်းရီ၏ အဝတ်အစား ဟုတ်/ မဟုတ် စိစစ်ဆဲ) တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

မခင်နှင်းရီမှာ မေလ ၂၂ ရက်နေ့၊ ညနေ ၃ နာရီ၊ ၅ဝ မိနစ်အချိန်ခန့် ၎င်းနေအိမ်မှ ပိုးစာကုန်းကျေးရွာသို့ အ.လ.က(မန်မော်) တွင် တာဝန်ထမ်းဆောင်နေသော ဆရာမ ဒေါ်မိုးမိုးဝင်းအား ကြိုရန် ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ည ၆ နာရီ၊ ၅ဝ မိနစ်ခန့် အချိန်ထိ မခင်နှင်းရီ အိမ်သို့ ပြန်ရောက်မလာသဖြင့် မန်မော် ရွာသူ၊ ရွာသားများက လိုက်လံရှာဖွေခဲ့ရာတွင် မခင်နှင်းရီ ရုပ်အလောင်းအား ဒဏ်ရာများဖြင့် သေဆုံးလျက် အခင်းဖြစ်ပွားနေရာတွင် တွေရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။