စီမံဘဏ္ဍာဝန်ကြီးဟောင်း အဂတိလိုက်စားခဲ့မှု ရှိမရှိ မထုတ်ပြန်နိုင်သေး

စီမံဘဏ္ဍာဝန်ကြီးဟောင်း အဂတိလိုက်စားခဲ့မှု ရှိမရှိ မထုတ်ပြန်နိုင်သေး

ရန်ကုန်၊ မေ ၂၆ ။            ။ ယမန်နေ့ မေလ ၂၅ ရက်က နုတ်ထွက်သွားသော စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း အဂတိလိုက်စားခဲ့မှု ရှိ မရှိကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ လတ်တလော မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။

“ သတင်းထုတ်ပြန်ရေးခေါင်းဆောင်ဆိုတော့ သတင်းထုတ်ပြန်တာကတော့ ကျွန်တော်ထုတ်ပြန်လို့ ရတာပေါ့။ ဒါပေမယ့် ဘာကို ထုတ်ပြန်ရမယ်ဆိုတဲ့ အချက်အလက်ကြတော့ ကျွန်တော့မှာ မရှိသေးဘူး။ အကုန်လုံးကို ကျွန်တော်တို့ကြေညာချက် ထုတ်ဖို့တော့ရှိမှာပါ။ မပြောချင်လို့ မဟုတ်ဘူး ။ မပြည့်စုံသေးတော့ မှားသွားမှာ စိုးလို့ပါ။ နောက်တစ်ခုက ကျွန်တော်ကပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဆိုတော့ စစ်ဆေးရေးအဖွဲ့တွေက ထုတ်ပြန်ပေးမှသာလျှင် သူတို့အဖွဲ့ရဲ့တင်ပြချက်ကို ပြန်ကြားရေးအနေနဲ့ထုတ်ရတာ” ဟု ကော်မရှင်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဟန်ညွှန့်က မေလ ၂၆ ရက်မနက်ပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။

ဦးကျော်ဝင်းအား အဂတိလိုက်စားမှုရှိသည်ဟုဆိုကာ မေလ ၃ ရက်က ကော်မရှင်သို့ တိုင်ကြားစာ ရောက်ရှိ လာပြီးနောက် မေလ ရ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ယမန်နေ့ မေလ ၂၅ ရက်က နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဦးကျော်ဝင်းအား မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့် ပြုသည်ဟု သမ္မတရုံးမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

ဦးကျော်ဝင်းသည် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်   ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်ပြီး ကိုယ်စားလှယ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရချိန်တွင်လည်း ဒေါက်တာဘွဲ့လက်မှတ်နှင့် ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။

ကော်မရှင်၏ စစ်ဆေးချက်များသည် ပြီးသလောက်နီးပါးရှိနေသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က မေလ ၂၃ ရက်က ပြောထားခဲ့ပြီး ၎င်းအနေဖြင့် စီမံဘဏ္ဍာရေးဝန်ကြီး တိုင်ကြားခံရမှုအား နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တေ်ာ ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ထံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အစီရင်ခံစာ အမြန်ဆုံး ပေးပို့သွားမည် ဖြစ်သည်ဟု အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် ပြောထားသည်။

လက်ရှိအချိန်တွင် စီမံဘဏ္ဍာဝန်ကြီးဟောင်းအနေဖြင့် အဂတိလိုက်စားခဲ့မှု ရှိမရှိ မသိရှိရသေးဘဲ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ပြီးမှသာ အပြည့်အစုံ သိရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly