မြောက်ကိုရီးယားနှင့် ဇွွန် ၁၂ ရက် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေ ရှိနေဆဲဟု ထရမ့် ပြော

မြောက်ကိုရီးယားနှင့် ဇွွန် ၁၂ ရက် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေ ရှိနေဆဲဟု ထရမ့် ပြော

 

၀ါရှင်တန်၊ မေ ၂၆ ။          ။ ဇွန် ၁၂ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင်နှင့် ထိပ်သီးအစည်းအဝေးက ဖြစ်နိုင်ခြေ ရှိနေဆဲဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၂၅ ရက်တွင် ပြောသည်။

စင်ကာပူတွင် အဆိုပါ နေ့ရက်၌ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံးအွန်တို့ကြား နျူကလီးယား ထိပ်သီးအစည်းဝေးကို ကျင်းပရန် လျာထားခြင်း ဖြစ်သော်လည်း မေ ၂၄ ရက်က  အမေရိကန်သမ္မတက အဆိုပါ အစည်းအဝေးကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

“၁၂ ရက်နေ့ အစည်းအဝေးကို ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ လက်ရှိမှာ သူတို့နဲ့ ပြောဆိုဆွေးနွေးနေတယ်။ သူတို့ဖက်ကလည်း တော်တော် လိုလိုလားလား ရှိတယ်။ ကျွန်တော်တို့ ဒီအစည်းအဝေးကို ဖြစ်မြောက်ချင်တယ်။ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။”ဟု သမ္မတရဟတ်ယာဉ်ပေါ်သို့ မတက်မီ ထရမ့်က ပြောခြင်း ဖြစ်သည်။

နှစ်နိုင်ငံကြားက ဆက်သွယ်ရေးလိုင်းများကိုလည်း ဖွင့်လှစ်ထားကြောင်း သမ္မတ ထရမ့်က ပြောပြီး မြောက်ကိုရီးယားဖက်က အစည်းအဝေးအတွက် မည်သည့်အချိန်မဆို ကျင်းပနိုင်ရေး ဆန္ဒရှိနေကြောင်း ထုတ်ပြန်ခြင်းအပေါ်လည်း ချီးမွှမ်းပြောဆိုသည်။

မေ ၂၄ ရက်က အစည်းအဝေးကို ဖျက်သိမ်းကြောင်း ကင်ဂျုံးအွန်ထံ ထရမ့်က စာရေးသားပေးပို့ပြီးနောက် မြောက်ကိုရီးယားဖက်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်ရာ သမ္မတ ထရမ့်အနေဖြင့် နွေးထွေးပြီး အကျိုးရှိသည့် ထုတ်ပြန်ချက်အဖြစ် သတင်းကောင်းတစ်ရပ်ပါဟု ကြိုဆိုလက်ခံခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဖက်ကတော့ စောင့်ကြည့်နေတယ်။ မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်ဟာဆိုရင်လည်း အလွန်နှစ်လိုဖွယ်ကောင်းတယ်။”ဟု ထရမ့်က ပြောခဲ့သည်။

ကင်ဂျုံးအွန်က ထိပ်သီးအစည်းအဝေးအတွက် စေ့စပ်ညှိနှိုင်းမှုများနှင့် ပတ်သက်ကာ အသုံးချကစားနေသလားဟု သတင်းထောက်တစ်ဦး၏ မေးခွန်းကို ထရမ့်က “အားလုံးက အသုံးချကစားနေကြတာပဲ။ ခင်ဗျား သိပါတယ်။ ဘယ်သူမဆိုထက် ခင်ဗျား ဒါကို ခင်ဗျား ပိုသိတယ်။”ဟု ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags