မကွေးဝန်ကြီးချုပ် အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံရ သတင်း မဟုတ်မှန်

မကွေးဝန်ကြီးချုပ် အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံရ သတင်း မဟုတ်မှန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို။ (ဓာတ်ပုံ - မင်းမင်း)

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ၀န်ကြီးတစ်ချို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ကို အဂတိလိုက်စားမှုများဖြင့် တိုင်ကြားသည့်စာများ ရောက်ရှိနေသည်ဟူသောသတင်းမှာ မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါကိစ္စအား လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်၏ အကောင့်တု ဖြင့် မေလ ၁၅ ရက်နေ့က ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

ယင်းအကောင့်တုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်ကြားစာကော်မတီသို့ အဆိုပါစာများရောက်ရှိနေပြီး စည်းကမ်းထိန်းသိမ်းရေးက အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည့်အပြင် "အခုလိုတိုင်ကြားစာမှန်သမျှကိုလည်း အရေးယူသွားမှာပါ။ ပါတီတွင်းအရေးယူရခက်ခဲတဲ့ ကိစ္စတွေကိုတော့ အစိုးရအာဏာစက်နဲ့ အရေးယူသွားရပါလိမ့်မယ်။ ၀င်းထိန် NLD"ဟုလည်း ရေးသားထားသည်။

"အဲဒါလုံးဝမဟုတ်ပါဘူး၊ အဲဒါက အတုပါ၊ လုံးဝမဟုတ်ပါ ဘူး၊ ရုံးချုပ်ကို ဘာတိုင်ကြားစာမှ ရောက်လာတာမရှိပါ ဘူး၊ အဲဒီလို အကောင့်အတုတွေနဲ့တိုက်ခိုက်နေတဲ့ကိစ္စတွေကိုလည်း အရေးယူသွားဖို့ စဉ်းစားနေပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္ဈိမသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ယင်းသို့ အကောင့်အတုဖြင့် မဟုတ်မမှန် ရေးသားဖော် ပြခြင်းသည် ယခုမှမဟုတ်ဘဲ ယခင်ကလည်း ရှိခဲ့ဖူးပြီး လူမှုကွန်ယက်ကို အသုံးပြု၍ ပါတီပုံရိပ်ကျဆင်းစေရန် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု မကွေးတိုင်း၊ အောင်လံမြို့ နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းလူငယ်အဖွဲ့ဝင် ကိုမြတ်က ပြောသည်။

" အရင်လို ခိုးလို့မရတော့တဲ့သူတွေ၊ ပေါင်းစားလို့မရ တော့တဲ့လူတွေက အွန်လိုင်းပေါ်က တိုက်ခိုက်နေတာလို့ပဲမြင်တယ်။ ဒါကို အရေးယူဖို့ကိစ္စကတော့ အစိုးရအဖွဲ့ က ပါတီက အရေးယူဖို့၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ အရေးယူဖို့ လုပ်ပါလိမ့်မယ်"ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းလူငယ်အဖွဲ့ဝင် ကိုမြတ်က ပြောသည်။

လတ်တလောအနေအထားတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ပြည်ထောင်စုဝန်ကြီး တစ်နေရာတာဝန်ထမ်းဆောင်ရန် သတင်းများထွက်ပေါ်နေပြီး NLD ထောက်ခံသူများအကြား ရေပန်းစားနေသည့် ဝန်ကြီးချုပ်တစ်ဦးလည်းဖြစ်သည်။ 

ယခုကဲ့သို့ လူမှုကွန်ယက်စာမျက်နှာများတွင် ဝေဖန် တိုက်ခိုက်မှုများကို အရေးယူသွားမည်ဆိုသော်လည်း မည်သို့ အရေးယူမည်ကို ပါတီက အသေးစိတ်ပြောပြခြင်း မရှိ ပေ။

လက်ရှိအစိုးရက လူမှုကွန်ယက်ပေါ်တွင် တိုက်ခိုက်မှုများကို ကာကွယ်ရန် ကျပ်သန်းပေါင်း ၆၀၀၀ ကျော် အကုန်အကျခံကာ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ (Social Media Monitoring Team - SMMT) အဖွဲ့ကို ဖွဲ့စည်းထားသည်။ သို့သော် ယင်းအဖွဲ့သည် ပြည်ပမှသွေးထိုးမှုများကို ကာကွယ်ရန် ဖွဲ့ထားခြင်းသာဖြစ်ပြီး နိုင်ငံတွင်းရှိ ပြည်သူ၊ ပြည်သားများကို စောင့်ကြည့်သည့် လုပ်ရပ်မျိုး လုပ်ဆောင်သွားမှာ မဟုတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly