ဝါးခယ်မမြို့နယ်ရှိ ရွှေလောင်းကြိုးတံတားကို အသစ်တည်ဆောက်ရမည့် အဆင့် ၅ အဖြစ် သတ်မှတ်

ဝါးခယ်မမြို့နယ်ရှိ ရွှေလောင်းကြိုးတံတားကို အသစ်တည်ဆောက်ရမည့် အဆင့် ၅ အဖြစ် သတ်မှတ်

မေလ ၂၅ ။           ။ ကျွမ်းကျင်ပညာရှင်များက စစ်ဆေးပြီးနောက် ဝါးခယ်မမြို့နယ်ရှိ ကြိုးတံတား ၃ စင်းအနက် ရွှေလောင်း ကြိုးတံတားကို အဆင့်၅ အဖြစ် သတ်မှတ်ထားပြီး ကျန်တံတား ၂ စင်းမှာ အဆင့် ၄ (Grade 4) ဖြစ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

တံတားအဆင့် Grade သတ်မှတ်ထားခြင်း ဖြစ်ပြီး Grade 5 အဆင့်သည် တံတားအသစ် အစားထိုး တည်ဆောက်ရမည့် အနေအထားဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ဖြတ်သန်းတန်များ   လျော့ချသတ်မှတ်ပြီး  ဖြတ်သန်းခွင့်ပြုတော့ကြောင်း သိရသည်။

"ဝါးခယ်မ ကြိုးတံတား၊ရွှေလောင်းကြိုးတံတား၊ကျွန်းကုန်းကြိုးတံတားကို တံတားအထူးအဖွဲ့တွေ စိစစ်ပြီးတော့ သတ်မှတ်တန်ချိန်တွေလည်း သတ်မှတ်ပြီးပါပြီ၊သတ်မှတ်တန်ချိန်တွေကိုလည်း သတိပေးဆိုင်းဘုတ်တွေ ထောင်ထားတာ ရှိပါတယ်၊ အဓိက ရွှေလောင်းတံတားပေါ့ ။ စစ်ဆေးမှုအဆင့် သတ်မှတ်ချက်အရ နံပါတ် ၅ ပေါ့၊ နောက်ဆုံးအဆင့်ပေါ့ ။ ကုန်ယာဉ် ၁၀ တန်ပဲ သတ်မှတ်ထားတယ် ။ ခရီးသည်ယာဉ်တွေ သွားတဲ့အခါမှာ လမ်းဆင်းလျှောက်ပါတယ်”ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဝန်ကြီးဦးဝင်းဌေးက ပြောသည်။

ဝါးခယ်မမြို့နယ်တွင် ဝါးခယ်မကြိုးတံတား၊ ရွှေလောင်းကြိုးတံတားနှင့် ကျွန်းကုန်းကြိုးတံတား ၃ စင်း တည်ရှိပြီး ရွှေလောင်းကြိုးတံတားကို ဖြတ်သန်းခွင့် ၁၀ တန်၊ ကျွန်းကုန်းကြိုးတံတားမှာ ဖြတ်သန်းခွင့် ၁၃ တန်သာ ခွင့်ပြုထားပြီး၊ အဆင့် ၄ အဖြစ်၎င်း၊  ဝါးခယ်မကြိုးတံတား မှ ဖြတ်သန်း ၁၄ တန် သတ်မှတ်ထားပြီး အဆင့် ၄ အဖြစ် သတ်မှတ်ထားသည်၊။

“ မြောင်းမြတံတားကြီး ပြတ်ကျသွားပြီးနောက်မှာ တံတား ၃ စင်းပေါ်မှာဖြတ်သန်းသွားလာတဲ့ ပြည်သူတွေဟာ တံတားတွေ ခံနိုင်မှုအား စိတ်ချယုံကြည် စွာဖြတ်သန်းသွားလာနိုင်စေရန် ကြေညာထုတ်ပြန်ပေးဖို ့မနေ ့က တိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။ ၀ါးခယ်မတံတား၊ ရွှေလောင်းမှာရှိတဲ့တံတား ၊ ကျွန်းကုန်းမှာ ရှိတဲ့ တံတားတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေ သက်ဆိုင်ရာတာဝန်ရှိတဲ့ မီးသတ်တို့၊ ကြက်ခြေနီတို ့က သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းအတိုင်းဖြတ်သန်းဖို ့အမြဲတမ်းစောင့်ကြည့်နေပါတယ်” ဟု ၀ါးခယ်မမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဌေးအောင်က ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်က ဂျပန်မှ ကျွမ်းကျင်ပညာရှင်များက ၀ါးခယ်မရှိ ကြိုးတံတားများ၏ ခံနိုင်ဝန်နှင့် ပတ်သက်ပြီး လာရောက်စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ တံတားအဆင့်များ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်မြို့နယ်တွင် ပုသိမ်ကြိုးတံတား၊၀ါးခယ်မမြို့နယ်တွင် ၀ါးခယ်မကြိုးတံတား၊ ရွှေလောင်းကြိုးတံတားနှင့်ကျွန်းကုန်းကြိုးတံတား၊ လပွတ္တာမြို ့နယ်တွင် ပင်လယ်လေးကြိုးတံတား တို့ ရှိပြီး လက်ရှိတွင် ၀ါးခယ်မမြို့နယ်ရှိ ရွှေလောင်းကြိုးတံတားနှင့် ကျွန်းကုန်းကြိုးတံတားများပေါ် ဖြတ်သန်းရာတွင် ခရီးသည်တင်ကား များမှ ခရီးသည်များ အား လမ်းဆင်းလျှောက်ပြီး ဖြတ်သန်းကြရန် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံရှိ Grade 5 အဆင့် ကြိုးတံတား ၂ စင်းမှာ မကွေး၊ မဲဇလီ တံတားနှင့် မွန်ပြည်နယ် ဇာသပြင် တံတားတို့ ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မကြာသေးခင်က ထုတ်ပြန်ထားခဲ့ပြီး လက်ရှိတွင် မဲဇလီတံတားအား အစားထိုးတံတားအသစ်တစ်စင်း ဆောက်လုပ်နိုင်ရန် လုပ်ဆောင်နေသည်။

တစ်နိုင်ငံလုံးတွင် စုစုပေါင်း ကြိုးတံတား အစင်း ၃၀ ရှိပြီး ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့နယ်၊ ကြိုးတံတားမှာ မြောင်းမြဘက်ကမ်း ဆိုင်းကြိုး ပြတ်တောက်ကာ တံတား ပြတ်ကျခဲ့ပြီး ကုန်ကား တစ်စီးနှင့် လူနှစ်ဦး ရေထဲမျောပါပြုတ်ကျခဲ့ပြီး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့သောကြောင့် တစ်နိုင်ငံလုံးရှိ ကြိုးတံတားများအား စစ်ဆေးနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly