ရန်ကုန်တိုင်းအတွင်းရှိ လမ်းဘေးကလေးငယ်များ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်သွားမည်

ရန်ကုန်တိုင်းအတွင်းရှိ လမ်းဘေးကလေးငယ်များ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်သွားမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် မေ ၂၅ ။           ။ ရန်ကုန်တိုင်း၊ မြို့နယ်အတွင်းရှိ လမ်းဘေးရောက်နေသည့် ကလေးငယ်များကို ပညာသင်ကြားနိုင်ရေး ဆောင် ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မေလ ၂၅ ရက်နေ့က ရန်ကုန်၊ အလုံမြို့နယ်၊ အမှတ် ၄ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည့် (၂၀၁၈ - ၂၀၁၉ ) ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

" ဒီနှစ်အတွင်းမှာ ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရ အဖွဲ့ဟာ အရပ်ဖက်အဖွဲ့အစည်းတွေ ပြည်သူလူထုရဲ့ အကူအညီပေးနိုင်မှုတွေနဲ့အတူ လမ်းဘေးကလေးငယ်တွေရဲ့ ဘဝကို ပညာသင်ကြားနိုင်ဖို့ ပရဟိတ ကျောင်းတွေက အလုပ်အကိုင်အခွင့်အလမ်းနဲ့ အသက်မွေးဝမ်းကြောင်း တွေရနိုင်ဖို့အတွက် ဒီနှစ်မှာ စတင်ကြိုးပမ်းဖို့ ကျွန်တော် တို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် လမ်းပေါ်ကလေးငယ်များ၏ အခက်အခဲကို မဖြေ ရှင်းနိုင်လျှင် အနာဂတ်အတွက် ကြီးမားသည့် စိန်ခေါ်မှု များ ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် လက်လှမ်းမီနိုင်သည့် ပညာရေးစနစ်တစ်ခုဖြစ်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည် ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားခဲ့ သည်။

" မြို့နယ်တွေအသီးသီးအတွင်းမှာ ပညာသင်အရွယ်တွေလမ်းဘေးရောက်နေတဲ့ကလေးငယ်တွေရဲ့ဘဝတွေကို တွေ့နေရမှာဖြစ်ပါတယ်၊ ဒါဟာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့ ကိစ္စရပ်ပေါ်မှာ ဒီကလေးငယ်တွေရဲ့ အခန်းကဏ္ဍကို မထိန်းသိမ်းနိုင်ဘူးဆိုရင် ဒီလမ်းပေါ် ကလေး ငယ်တွေဟာ ကျွန်တော်တို့ရဲ့အနာဂါတ်အတွက် စိန်ခေါ်မှုကြီးကြီး ရင်ဆိုင်လာရနိုင်တဲ့အခြေအနေဖြစ်ပါတယ်၊ ဒါကြောင့်မို့ လမ်းမပေါ်မှာရောက်နေတဲ့ ကလေးငယ်တွေ ပညာသင်ကြားရေးနဲ့အလှမ်းဝေးနေတဲ့ကလေးငယ် တွေကို လက်လှမ်းမီနိုင်ဖို့အတွက် ပညာရေးဟာ အားလုံး အတွက် လက်လှမ်းမီနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ပြောသည်။

ယခင်နှစ်တွေက ကျောင်းသားလက်ခံစာရင်းနှင့် ယခုနှစ် ကျောင်းအပ်စာရင်းများတိုက်ဆိုင်စစ်ဆေးပြီး ကျောင်း မနေနိုင်နိုင်သည့် ကျောင်းသားစာရင်းများကို လေ့လာ ဖြေရှင်း၍ ကျောင်းအပ်နှံနိုင်ရေးကို ဆောင်ရွက်သွားမည် ဟု ရန်ကုန်တိုင်း ပညာရေးမှူးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောခဲ့သည်။

ထို့ပြင် နေ့ကျောင်းမတက်နိုင်သည့်ကလေးငယ်များကို ကျောင်းပြင်ပပညာသင်ကြားနိုင်ရေးအတွက်လည်း စီစဉ်ထားသည်ဟု ဆက်လက်ပြောသည်။

" အကယ်၍ ကျောင်းကို နေ့ကျောင်းပေါ့၊ ကျွန်မတို့ ကျောင်း ချိန်အတွင်းမှာ မတက်နိုင်တဲ့ကလေးတွေရှိခဲ့ရင် ကျောင်း ပြင်ပ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနတို့ ချိတ်ဆက်ပြီး ကျွန်မတို့ရဲ့ အခြေခံပညာကျောင်းတွေထဲမှာ ကျောင်းဆင်း သွားတဲ့အချိန်တိုင်းမှာ သင်ကြားပေးဖို့ လည်း စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းပညာရေးမှူး ဋ္ဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောသည်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးညီလှငယ်၊ ရန်ကုန်တိုင်းပညာရေးမှူးဋ္ဌာနမှ ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ နှင့် အစိုးရအဖွဲ့တာဝန် ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စား လှယ် များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြ သည်။
ပညာရေးဝန်ကြီးဌာနက ကျောင်းနေအရွယ်ကလေးအား လုံး ကျောင်းတက်နိုင်ရန် နှစ်စဉ် မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားသည်။ ကျောင်းအပ်နှံစဉ် အခကြေးငွေ ကောက်ခံခြင်း၊ ပစ္စည်း ရောင်းချခြင်းများရှိပါက ဝန်ကြီး ရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနက မေလ ၂၁ ရက်တွင် ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly