လုပ်ငန်းခွင်အကြမ်းဖက်မှုဟန့်တားရေးကို မြန်မာအလုပ်သမားကိုယ်စားလှယ်များ ဂျနီဗာတွင်ဆွေးနွေးမည်

လုပ်ငန်းခွင်အကြမ်းဖက်မှုဟန့်တားရေးကို မြန်မာအလုပ်သမားကိုယ်စားလှယ်များ ဂျနီဗာတွင်ဆွေးနွေးမည်

 

ရန်ကုန်၊ မေလ ၂၅ ရက် ။               ။ လုပ်ငန်းခွင်အကြမ်းဖက်မှုဟန့်တားရေးအပါအဝင် အခြားအချက်များကို မြန်မာအလုပ်သမား ကိုယ်စားလှယ် များက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပမည့် (၁၀၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းညီလာခံသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကိုယ်တိုင် တက်ရောက်ဆွေးနွေးမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းခွင့်အကြမ်းဖက်ခံရမှုအများစုသည် နိုင်ငံခြားသားပိုင် အထည်ချုပ်လုပ်ငန်းများတွင် ဖြစ်ပွားလေ့ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဆွေဆွေခိုင် ဆိုသည်။

"အဓိကလုပ်ငန်းခွင်ကတော့ အစ်မတို့က အထည်ချုပ်ကဏ္ဍပေါ့နော်။ အထည်ချုပ်ကဏ္ဍမှာကျတော့ အမျိုးသမီးတွေပိုများတယ်လေ။ အမျိုးသမီးတွေများတော့ နိုင်ငံခြားသားတွေကနေပြီး အမျိုးသမီးတွေကို ထိကပါး ရိကပါး လုပ်တာတို့၊ ကိုယ်ထိလက်ရောက်လုပ်တာတို့ အဲဒီလိုမျိုးအကြမ်းဖက်မှုတွေကို အစ်မတို့က ထိရောက်စွာအရေးယူစေချင်တယ်ပေါ့နော်။ ဒီမြန်မာနိုင်ငံမှာလည်း ဥပဒေက အရမ်းအားနည်းတယ်" ဟု CTUM ၏ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဆွေဆွေခိုင်က ပြောသည်။

(၁၀၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံကို မေလ ၂၈ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ၄င်းဆွေးနွေးပွဲကို အာရှပစိဖိတ်၊ တောင်အမေရိက၊ ဥရောပ၊ အာဖရိက ဒေသများရှိ ILO အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှ အလုပ်ရှင်၊ အလုပ်သမား စုစုပေါင်း လေးထောင်ကျော်တက်ရောက်ကြမည်ဖြစ်သည်ဟု ILO မှ ထုတ်ပြန်ထားသည်။

ဆွေးနွေးမည့်အကြောင်းအရာနှင့်ပတ်သက်ပြီး လုပ်ငန်းခွင်အကြမ်းဖက်မှုများကို ထိရောက်စွာ အပြစ်ပေးသည့် ဥပဒေကို မြန်မာနိုင်ငံ၌ ပြဌာန်းပေးသွားရန် ညီလာခံတွင် ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဒေါ်ဆွေဆွေခိုင်က ပြောပြသည်။

"Convention ကိုလိုက်နာဖို့ဆိုရင် နိုင်ငံကလက်ခံဖို့လိုတယ်။ နိုင်ငံကလက်ခံမယ်ဆိုရင် နိုင်ငံထဲမှာ ဥပဒေပြုမလား။ နိုင်ငံရဲ့ဥပဒေနဲ့ Convention နဲ့ကိုက်ပြီလား။ ကိုက်တယ်ဆိုရင်ဒီဟာကိုအတည်ပြုပြီလား။ သူ့အဆင့်တွေလည်း အများကြီးရှိတယ်။ အဆင့်တွေကိုအများကြီးကျော်လွှားသွားပြီးမှသာလျှင် အတည်ပြုလို့ ရမယ်။ ဒါမှ ILO မှာလက်မှတ်ထိုး၊ လက်မှတ်ထိုးပြီးတော့မှ လွှတ်တော်မှာအတည်ပြီးတော့မှ ဒါက အသက်သွင်းလို့ ရမယ်။ အဲဒီဟာတွေက လုပ်ငန်းတွေက အများကြီးလိုသေးတယ်။ Process ပေါ့နော် လုပ်ငန်းစဉ်ကိုက လိုပါတယ်။ အဲဒီဟာကိုသိအောင်ပြောခွင့်ရတာကိုပဲ ကျေးဇူးတင်တယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ ဥက္ကဋ္ဌ ဦးမောင်မောင် က ပြောသည်။

အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အမျိုးသမီးကော်မတီ အနေဖြင့် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ လုပ်ငန်းခွင့်အကြမ်းဖက်ခံရမှု ၁၆ ခု ခန့် ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်ဟု သိရသည်။

တက်ရောက်ဆွေးနွေးမည့် မြန်မာကိယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အပါအဝင် အစိုးရကိုယ်စားလှယ် ၁၂ ဦး၊ အလုပ်ရှင်ကိုယ်စားလှယ် ၁ ဦး၊ အလုပ်သမားကိုယ်စားလှယ်နှင့် အလုပ်သမားအကြံပေးကိုယ်စားလှယ် ၁၁ ဦး တို့ ပါ၀င်သည်။ထို့ပြင် အလုပ်သမားအကြံပေးကိုယ်စားလှယ်များတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံတောင်သူလယ်သမားများနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တို့မှ ကိုယ်စားလှယ်များ ပါ၀င်နေသည်။

မြန်မာနိုင်ငံမှ တက်ရောက်မည့် အလုပ်သမားကိုယ်စားလှယ်များအနေဖြင့် ILO ၏ ပြဌာန်းချက်များ၊ စံနှုန်းများ ကျင့်သုံးရေး၊ ရေရှည်တည်တံ့ခိုင်မြဲသောရည်မှန်းချက်များ၏ ဖွံ့ဖြိုးတိုးတက်ရန် ပံ့ပိုးကူညီမှုများအတွက် ILO ၏ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးခြင်း၊ ကမ္ဘာ့အလုပ်အကိုင်များတွင် အမျိုးသားများနှင့်အမျိုးသမီးများကို နှောက်ယှက်စော်ကားခြင်းနှင့်အကြမ်းဖက်မှုများ ဆွေးနွေးခြင်း၊ မျှတသောကမ္ဘာ့အသွင် ကူးပြောင်းမှုဖြစ်စဉ် ဆိုင်ရာ ILO ကြေညာစာတမ်းကို ပန်လည်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ILO ၏ ဆွေးနွေးပွဲတစ်ခုအရ အာရှပစိတ်ဖိတ်ဒေသ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုအများဆုံးနိုင်ငံများမှာ ကမ္ဘောဒီးယား၊ ဂျပန်၊ လာအို တို့အပြင် မြန်မာနိုင်ငံမှ နံပါတ် ၄ နေရာတွင် ရှိနေသည် ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly