မေ ၂၅ ။ ။ ပြီးခဲ့သည့် ဗင်နီဇွဲလားရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လက်ရှိသမ္မတ နီကိုလပ်စ် မာဒူရိုသည် မေလ ၂၄ ရက်မှာပင် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်း (၂၀၁၉-၂၀၂၅) အတွက် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်သည်။
၎င်းအနိုင်ရခဲ့သည့် ရွေးကောက်ပွဲကို အတိုက်အခံတို့ဘက်က သပိတ်မှောက်ခဲ့သလို နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင်ရှုတ်ချထားခဲ့မှုများ ရှိခဲ့သော်ငြား မာဒူရို အနေဖြင့် ယခုအခါ အကျပ်အတည်းအောက်ရောက်နေသည့် လက်တင်အမေရိကနိုင်ငံကို ထပ်မံဦးဆောင်သွားဦးမည် ဖြစ်သည်။
ကျမ်းကျိန်ပွဲ မိန့်ခွန်းပြောဆိုရာတွင် မာဒူရိုက ၎င်းအနေဖြင့် အမေရိကန် ဆန်ရှင်ကို အာခံသွားမည်ဖြစ်သလို ယိုယွင်းနေသည့် နိုင်ငံစီးပွားရေးကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ဆောင်သွားမည်ဟု ကတိပြုသွားခဲ့သည်။
အလားတူ အိုပက်အဖွဲ့၏ ထောက်ခံမှုကို ရယူကာ နိုင်ငံ၏ ရေနံထုတ်လုပ်မှုကို နှစ်ဆနီးပါး မြှင့်တင်သွားရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ကတိပြုခဲ့သည်။
ဖွဲ့စည်းပုံ အမျိုးသား ညီလာခံရှေ့မှောက်တွင် ကျမ်းကျိန်ရာတွင် မာဒူရိုက ၎င်းအနေဖြင့် နိုင်ငံ၏ ဖွဲ့စည်းပုံကို လေးစားလိုက်နာမည်ဖြစ်ကာ အပြောင်းအလဲများကို ဦးဆောင်ဖော်ဆောင်ပေးသွားမည်ဟုလည်း ပြောသွားသည်။
အဆိုပါ ညီလာခံကလည်း ၎င်းကိုယ်တိုင် ယမန်နှစ်က ထူထောင်ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး ၎င်းအား ထောက်ခံသူအများစုနှင့်ပင် ဖွဲ့စည်းထားခြင်း ဖြစ်ရာ အတိုက်အခံတို့ဘက်ကမူ ယင်းမှာ အတုအယောင် အဖွဲ့အစည်းမျှသာ ဖြစ်ကြောင်း တိုက်ခိုက်ပြောကြားထားသည်။