ဗစ်ဆဲလ်ကိုဘေးအသင်းဆီ ပြောင်းရွှေ့ရခြင်းအကြောင်းရင်းကို အင်နီယေစတာရှင်းလင်း

ဗစ်ဆဲလ်ကိုဘေးအသင်းဆီ ပြောင်းရွှေ့ရခြင်းအကြောင်းရင်းကို အင်နီယေစတာရှင်းလင်း

 

မေ ၂၅၊ ကိုဘေး။        ။ ဘာစီလိုနာဂန္ထဝင်ကစားသမား အင်နီယေစတာက ဂျပန်ဂျေလိဂ်ကလပ် ဗစ်ဆဲလ် ကိုဘေး အသင်းထံပြောင်းရွှေ့ရခြင်း အကြောင်းအရင်းကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ဖလားရထားတဲ့ အသက် ၃၄ နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမားဟာ ဗစ်ဆဲလ် ကိုဘေးအသင်းနဲ့ သုံးနှစ်စာချုပ်ခဲ့တာ ဖြစ်ပြီး လစာကတော့ တစ်နှစ်ကို ကန်ဒေါ်လာသန်း ၃၀ လို့ယူဆရပါတယ်။ ဒါဟာ ဂျေလိဂ်ရဲ့ စံချိန်တင်လစာလည်းဖြစ်ပါတယ်။

တိုကျိုမှာပြုလုပ်ခဲ့တဲ့ စာချုပ်လက်မှတ်ထိုးပွဲနဲ့ မိတ်ဆက်ပွဲမှာ အင်နီယေစတာက “ဒီနေ့က ကျွန်တော့်အတွက် ထူးခြားတဲ့ နေ့တစ်နေ့ပါ။ ကျွန်တော့်ကိုစိတ်ဝင်စားကြောင်းပြသခဲ့တဲ့ အသင်းပေါင်းများစွာရဲ့ ကမ်းလှမ်းတာကို ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဗစ်ဆဲလ် ကိုဘေးကိုပဲ ကျွန်တော်ရွေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဝင်စားစရာကောင်းတဲ့ ပရောဂျက်တစ်ခု ဖြစ်နေလို့ပါ။

ဒီမှာက ကျွန်တော့်ကို လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့သာမက ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ အများကြီးစိတ်ချ ယုံကြည်ကြပါတယ်။ အဲဒါက အဓိက အကြောင်းပြချက်ပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။

ကတ်တလန်ဒေသထိပ်သီး ဘာစီလိုနာအသင်းမှာ ၆၇၄ ပွဲကစားပြီး အဓိက ဆုဖလား ၃၂ လုံးရရှိခဲ့တဲ့ အင်နီယေစတာဟာ ဗစ်ဆဲလ် ကိုဘေးအသင်းမှာလည်း သူ့ရဲ့အထိမ်းအမှတ် ကျောနံပါတ် ၈ ကိုပဲ ဆက်လက်ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

အင်နီယေစတာရဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ အရည်အချင်းတွေက ဗစ်ဆဲလ် ကိုဘေးအတွက်သာမက ဂျပန်ဘောလုံးလောက အတွက်ပါ စိတ်အားထက်သန်တက်ကြွစေမှာဖြစ်ကြောင်း၊ သူရောက်လာလို့ ကမ္ဘာ့မျက်နှာစာမှာ ဂျပန်ဘောလုံးလောကရဲ့ပုံရိပ် မြင့်တက်စေမှာဖြစ်ကြောင်းနဲ့ ဂျပန်ဘောလုံးလောကကို အင်နီယေစတာက အမြင့်တစ်နေရာရောက်ရှအောင် စွမ်းဆောင်နိုင် လိမ့်မှာဖြစ်ကြောင်း ဗစ်ဆဲလ် ကိုဘေးအသင်းပိုင်ရှင် ဟီရိုရှီ မီခီတာနီက ပြောပါတယ်။

ဗစ်ဆဲလ်အသင်းဟာ လက်ရှိရာသီဂျေလိဂ် ၁၅ ပွဲကစားပြီးချိန်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ အသင်းမှာ ဂျာမနီ တိုက်စစ်မှူးဟောင်း ပိုဒေါစကီးက အသင်းခေါင်းဆောင်လုပ်နေပြီး ထိုင်းနောက်ခံလူ သီရာသွန်လည်း အငှားနဲ့ ကစားနေပါတယ်။

Ref; AFP

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly