နိုင်ငံရေးကြေညာများအတွက် ဖေ့ဘုတ်နှင့် တွစ်တာတို့ စည်းမျဉ်းတင်းကြပ်

နိုင်ငံရေးကြေညာများအတွက် ဖေ့ဘုတ်နှင့် တွစ်တာတို့ စည်းမျဉ်းတင်းကြပ်

 

တွစ်တာ လူမှုမီဒီယာက  ၎င်း၏ ပလက်ဖောင်းတွင် နိုင်ငံရေးကြေညာများကို လမ်းညွှန်ချက်သစ်များဖြင့် ကြပ်မတ်မည်ဖြစ်ကြောင်း မေ ၂၄ ရက်က ကြေညာလိုက်ချိန်တွင် ဖေ့ဘုတ်ကုမ္ပဏီကလည်း နိုင်ငံရေးသတင်းစကားများအတွက် သုံးစွဲသူများကို အထောက်အထား စိစစ်ခြင်းနှင့် လိုအပ်တံဆိပ်ကပ်နှိပ်ရခြင်း ပေါ်လစီကို စတင်အကောင်အထည်ဖော်နေကြောင်း ဆိုသည်။

၂၀၁၆ အမေရိကန် ရွေးကောက်ပွဲကာလအတွင်း သတင်းမှားများ ပြန့်နှံ့မှုနှင့် ပတ်သက်ပြီး ဝေဖန်စွပ်စွဲမှုများ ရှိနေခြင်းကို ယင်းကုမ္ပဏီနှစ်ခုက တုံ့ပြန်ခြင်းအဖြစ် ယခုကဲ့သို့ ဆောင်ရွက်လာခြင်း ဖြစ်သည်။ ထိုသို့  သတင်းမှားများ ပြန့်နှံ့စေသည်မှာ အများစုက အယောင်ဆောင် ရုရှအကောင့်များကြောင့် ဖြစ်သည်ဟု ဆိုသည်။

 ယခု ပေါ်လစီသစ်သည် အမေရိကန်တွင် ကြေညာများအတွက် မေ ၂၄ ရက်ကစ၍ စတင်သက်ရောက်မည်ဖြစ်ကြောင်း ဖေ့ဘုတ်က ပြောပြီး ယင်းသို့ စည်းမျဉ်းတင်းကြပ်မှု ပေါ်လစီကို ကမ္ဘာ့အနှံ့တွင် လာမည့်လများအတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဆိုသည်။

ယင်းအချိန်တွင် တွစ်တာကုမ္ပဏီကမူ အမေရိကန် ကိုယ်စားလှယ်လောင်း ကြေညာများအတွက် နိုင်ငံရေးအမှတ်တံဆိပ် လိုအပ်ပြီး ကြေညာသူသည် အမေရိကန်မှ ဖြစ်ကြောင်း သက်သေခံစာရွက်စာတမ်း ပြရန်လိုသည့် ပေါ်လစီသစ်ကို လာမည့်လများတွင် အသက်ဝင်အောင် အကောင်အထည်ဖော်မည်ဟု ပြောခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်သူတွေကို နိုင်ငံခြားသားတွေက အမေရိကန်ထဲကပဲ ပုံစံမျိုးနဲ့ နိုင်ငံရေးဆွယ်တဲ့ ကြေညာချက်မျိုးတွေကို ခွင့်ပြုမှာ မဟုတ်ဘူး။”ဟု တွစ်တာက ထုတ်ပြန်ထားသည်။

ဖေ့ဘုတ်ကုမ္ပဏီကလည်း “ခုချိန်ကစပြီး အမေရိကန်မှာ ဖေ့ဘုတ်နဲ့ အင်စတာဂရမ်တွေကနေ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကြေညာမှုအားလုံး ကြေညာသူရဲ့ သက်သေခံအထောက်အထားအပါအဝင် ရှင်းလင်းမြင်သာတဲ့ အမှတ်တံဆိပ် ဖော်ပြရမှာဖြစ်ပါတယ်။”ဟု ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags