သမိုင်းဝင်တွေ့ဆုံပွဲကို ထရမ့်ဘက်မှဖျက်သိမ်းခဲ့မှုအပေါ် မြောက်ကိုရီးယားတုံ့ပြန်

သမိုင်းဝင်တွေ့ဆုံပွဲကို ထရမ့်ဘက်မှဖျက်သိမ်းခဲ့မှုအပေါ် မြောက်ကိုရီးယားတုံ့ပြန်

 

၀ါရှင်တန်၊ မေ ၂၅ ။           ။ လာမည့်ဇွန်လ ၁၂ ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ကျင်းပမည့် နှစ်နိုင်ငံခေါင်းဆောင်များ၏ သမိုင်းဝင်ထိပ်သီးတွေ့ ဆုံပွဲကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဘက်မှ ရုတ်တရက်ကြီးဖျက်သိမ်းခဲ့မှုနှင့်ပက်သက်၍ မြောက်ကိုရီးယားအာဏာပိုင်များက ၄င်းတို့အနေဖြင့် အမေရိကန်နှင့်အတူ ဘယ်အချိန်မဆို တွေ့ဆုံဆွေးနွေးလိုဆဲဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

“ဆွေးနွေးပွဲဖျက်သိမ်းကြောင်း ရုတ်တရက်ကြေညာခဲ့တာဟာ ကျုပ်တို့ဘက်က မမျှော်လင့်ထားတဲ့ကိစ္စဖြစ်ပြီး ဘာမှမတတ်နိုင်ပေမယ့် ဒီကိစ္စဟာ စိတ်ပျက်ဝမ်းနည်းဖို့တော့ကောင်းပါတယ်” ဟု မြောက်ကိုရီးယား၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကင်မ်ကီဂွမ်က ထုတ်ပြန်ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ကေအဲန်စီအေက သောကြာနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

“အခုဖြစ်နေတဲ့ပြသနာတွေကိုဖြေရှင်းဖို့ ကျုပ်တို့အနေနဲ့ အမေရိကန်တာဝန်ရှိသူများနဲ့အတူ ဘယ်အချိန်မဆို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးသွားဖို့အသင့်ပဲဆိုတာကို ထပ်မံပြောကြားလိုပါတယ်” ဟု သူက ဖြည့်စွက် ပြောဆိုခဲ့သည်။

ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်းနှင့်တွေ့ဆုံမည့် ထိပ်သီးစည်းဝေးပွဲကို ဖျက်သိမ်း ကြောင်း ကြာသာပတေးနေ့ညနေခင်းက ရုတ်တရက်ကြေညာခဲ့ခြင်းဖြစ်သည်။

“စင်္ကာပူထိပ်သီးစည်းဝေးပွဲဟာ ကျုပ်တို့နှစ်ဖက်စလုံးအတွက်ကောင်းပေမယ့် ကမ္ဘာကြီးတစ်ခုလုံးကို ထိခိုက် စေတယ်လို့ယူဆတာကြောင့် ဒီပွဲကိုဖျက်သိမ်းလိုက်ပါတယ်” ဟု ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကို လိပ်မူပြီး စာတစ်စောင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် ထရမ့်သည် ကင်မ်အား စစ်ရေးအရခြိမ်းခြောက်မှုများနှင့်ပက်သက်၍လည်း ပြန်လည်သတိပေးခဲ့သည်။

“မင်းတို့က မင်းတို့ရဲ့ နျူကလီးယားလက်နက်တွေအကြောင်းကို ပြောနေတယ်။ ဒါပေမယ့် ကျုပ်တို့ရဲ့လက်နက် တွေဟာလည်း ထူးခြားပြီး အင်အားကြီးမားတာကြောင့် ဘယ်တော့မှ ထုတ်မသုံးရပါစေနဲ့လို့ ဘုရားကိုတိုင်တည် ပြီး ဆုတောင်းပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly