မြစ်ဝကျွန်းပေါ်ကိုအထွက်တိုးစေမည့် စပါးမျိုးကောင်းမျိုးသန့်

မြစ်ဝကျွန်းပေါ်ကိုအထွက်တိုးစေမည့် စပါးမျိုးကောင်းမျိုးသန့်
မကြာသေးခင်ကဘိုကလေးမြို့နယ်တွင် တွေ့ရသည့် လယ်ယာလုပ်ငန်းခွင်တစ်ခု(ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

အရည်အသွေးမြင့်မျိုးစပါးအလုပ်ဖြစ်ပုံကိုလယ်သမားအများအပြားသဘောပေါက်လာကြသည်

ဘိုကလေး— ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှ မော်လမြိုင်ကျွန်းမြိို့သို့ သွားရာလမ်းဘေး ဝဲယာတစ်လျှောက် စပါးခင်းများကိုမျက်စိတစ်ဆုံးတွေ့မြင်နေရသည်။ ဘိုကလေး၊ ဂျပ်ချောင်းကျေးရွာသား ဦးဝင်းဌေးက ရိတ်သိမ်းချိန်နီးကပ်နေပြီဖြစ်သည့် သူ၏စပါးခင်းကိုကြည့်ရင်း ပြံုးရွှင်နေသည်။

အပြောင်းအလဲတစ်ခု ပြုလုပ်ထားသော သူ၏လယ်ကွင်းက စပါးအထွက်နှုန်းတိုးလာသဖြင့် ထိုသို့ ပျော်ရွှင်နေခြင်း ဖြစ်သည်။

 “စပါးအရည်အသွေးက အပြတ်အသတ်သာတယ်။ ရောင်းတဲ့အခါမှာလည်း မျက်နှာပန်းလှပြီး စျေးလည်းပိုရတယ်” ဟု ဦးဝင်းဌေးကပြောသည်။

၂ဝ၁၂ နောက်ပိုင်းမှစ၍ ဘိုကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူအကျိုးပြုအဖွဲ့အစည်းများက မျိုးကောင်းမျိုးသန့် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြရေးအတွက် ကြိုးပမ်းခဲ့ရာ လိုက်ပါပြောင်းလဲကြသည့် ဦးဝင်းဌေးနှင့် လယ်သမားအများအပြား လက်တွေ့အကျိုးခံစားနေကြရပြီဖြစ်သည်။

ဒေသမျိုးစပါးများထက် သာလွန်ကောင်းမွန်သည့် အရည်အသွေးများကြောင့် ရေရှည်စိုက်ပျိုးသွားရန် ဆုံးဖြတ်ထားကြောင်း ဦးဝင်းဌေးကဆိုသည်။

မျိုးကောင်းမျိုးသန့်

တောင်သူအကျိုးပြုလုပ်ငန်းများကို လုပ်ကိုင်သည့် ပြည်တွင်းပြည်ပအဖွဲ့တချို့က ၂ဝ၁၂ မှစတင်ကာ အရည်အသွေးမြင့် မျိုးစပါးများကို ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ခဲ့သည်။ ထိုအဖွဲ့များထဲတွင် ဘိုကလေးအခြေစိုက် ရတနာဧရာအဖွဲ့လည်း ပါဝင်သည်။

ရတနာဧရာသည်အသက်မွေးဝမ်းကြောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့(LIFT)၏ထောက်ပံံံ့မှုဖြင့် မျိုးကောင်းမျိုးသန့်မျိုးစပါးထုတ်လုပ်သည့် အစီအစဉ်တစ်ခုကို ၂ဝ၁၆ နှစ်လယ်ပိုင်းကဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင် စတင်အကောင်အထည်ဖော်သည်။

စိုက်ပျိုးရေးဦးစီးဌာန အပါအဝင် မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ စီမံကိန်းအတွက် ကျေးရွာပေါင်း ၆ဝ မှ တောင်သူ ၂ဝဝကိုရွေးချယ်ကာ မျိုးစပါးထုတ်လုပ်ရန် စီစဉ်ပေးထားသည်။  ထုတ်လုပ်ပေးသည့် မျိုးစပါးတွင်ပေါ်ဆန်းယဉ်၊ ဆင်းသွယ်လတ်၊ ရတနာတိုး၊ သီးထပ်ယဉ်၊ ရက်၉ဝ(၁)၊  ရက်၉ဝ(၂) စသည်တို့ ပါဝင်ကြောင်း သိရသည်။

ယခင်စီမံကိန်းများနှင့် ကွဲပြားသည့် အချက်မှာ မျိုးထုတ်လုပ်ရန်စိတ်ဝင်စားသည့် တောင်သူတို့ကို ရွေးချယ်ပြီး မျိုးသန့်စျေးကွက်ဖြစ်ပေါ်လာရေး၊ တောင်သူများအကြား ပြန့်နှံ့ရောက်ရှိရေး စသဖြင့် ဦးတည်ထားခြင်း ဖြစ်သည်ဟု ရတနာဧရာမှအကြီးတန်းအရာရှိ ကိုသက်နောင်စိုးက ပြောသည်။

“အဓိကက တောင်သူတွေအကြား မျိုးကောင်းမျိုးသန့်တွေကို ပိုမိုသုံးစွဲလာဖို့နဲ့ ရေရှည်ဆက်လက် စိုက်ပျိုးသွားနိုင်ဖို့ပဲ။ အခုဆိုတောင်သူတွေလည်း မျိုးသန့်ကို အသုံးချရကောင်းမှန်း သိလာကြပြီ” ဟု စိုက်ပျိုးရေးအရာရှိ ကိုသက်နောင်စိုးက ပြောသည်။

မကြာသေးခင်ကဘိုကလေးမြို့နယ် လယ်ယာလုပ်ငန်းခွင်တစ်ခုတွင် တွေ့ရသောစပါးခြွေလှေ့စက်နှင့် တောင်သူတစ်ဦး(ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

ဤအတောအတွင်း စီမံကိန်းအစီအစဉ်တို့ကို စိတ်ဝင်စားလာကြပြီး မျိုးစေ့ ဝယ်ယူသူ များပြားလာသည်။

မျိုးစပါးအရောင်းပွဲတော်ကို ယမန်နှစ်က ဘိုကလေးတွင်  ပြုလုပ်ရာပုသိမ်၊ ကျောင်းကုန်း၊ မြောင်းမြ၊ ဖျာပုံ၊ ဒေးဒရဲစသည့် ဒေသတွင်း မြို့နယ်တချို့၊ ပဲခူးတိုင်းဒေသကြီးမြို့နယ် တချို့မှ လယ်သမားတို့ လာရောက်ဝယ်ယူခဲ့သည်ဟု ရတနာဧရာနှင့် ဘိုကလေးစိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။ အဆိုပါစျေးပွဲတော်မျိုးကို အနာဂတ်တွင် ဆက်လက် ပြုလုပ်သွားမည်ဟု ဆိုသည်။

ဤအတောအတွင်းအဖွဲ့အစည်း၊ ဌာနဆိုင်ရာတို့နှင့် ချိတ်ဆက်ဝယ်ယူသူ၊  နီးစပ်ရာတောင်သူတို့ထံတွင် ဝယ်ယူသူများလည်းရှိနေသည်။ 

ပိုမိုစိတ်ဝင်စားလာ

ဘိုကလေးတွင် လယ်သမားစုစုပေါင်း၏ ၂ဝရာခိုင်နှုန်းခန့်သာ မျိုးသန့်စပါးကို စိုက်ပျိုးခဲ့သော်လည်း ယခုအခါ ၆ဝရာခိုင်နှုန်းခန့်အထိ တိုးတက်လာသည်ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ခန့်မှန်းထားသည်။

မျိုးသန့်အားထားလာသူများထဲတွင်  အောက်မကျည်းကျောင်းမှ ကိုမင်းနောင်လည်း ပါဝင်သည်။ ကျေးရွာတောင်သူအစုအဖွဲ့ အတွင်းရေးမှူးကိုမင်းနောင်က အခြားသူများကိုလည်း မျိုးသန့်သုံးရန် စည်းရုံးနေသည်။

ရတနာဧရာ၏ အစီအစဉ်တွင် ပါဝင်နေသည့် ကိုမင်းနောင်သည် ၎င်းပိုင် လယ်ဧက ၂ဝထဲမှ ၆ ဧကကို မျိုးစပါးထုတ်ရေးအတွက် သုံးသည်၊ ထွက်သည့် မျိုးစပါးကိုလည်း ဖြန့်ဝေရောင်းချပေးနေသည်။ သူ၏ကြိုးပမ်းမှုကြောင့် တစ်ရွာတည်းသား ကိုဇေယျာမင်းလည်း ယခုနှစ်မှ စတင်ကာမျိုးသန့်စပါးသုံးသူ ဖြစ်လာသည်။

၄ ဧကခန့်သာ စမ်းသပ်စိုက်ပျိုးသော်လည်း များမကြာမီ သူ့လယ်၁၈ ဧကလုံးတွင် မျိုးသန့်စပါးသာ အသုံးပြုရန် ကိုဇေယျာမင်းက ပြင်ဆင်ထားသည်။

“အစကတော့ စိုက်ဖို့မရဲဘူး။ အခုပြောင်းစိုက်တော့မယ်။ အထွက်နှုန်းလည်းကွာတယ်။ လုပ်ရကိုင်ရတာလည်း ကောင်းတယ်။ ပျိုးပင်ညီညာပြီးတော့ ကြည့်ရတာကိုက စိတ်ချမ်းသာတယ်” ဟုကိုဇေယျာမင်းက ဆိုသည်။

ယခင်ကတင်း ၁ဝဝအောက်သာ ထွက်သော်လည်း မျိုးသန့် အသုံးပြုပြီးနောက် တင်း ၁၃ဝဝန်းကျင် ထွက်ရှိသည်ဟု၎င်းက ပြောသည်။

တောင်သူတို့ မျိုးသန့် ပိုမိုအသုံးပြုလာရန် ဝိုင်းဝန်းကူညီနေသူများထဲတွင် ဘိုကလေး၊ မနောမယိဒ္ဓီဆန်စက်ပိုင်ရှင် ဦးမောင်မောင်တာလည်း ပါဝင်သည်။

“မျိုးသန့်တွေက ကြိတ်ခွဲရတာကအစ အဆင်ပြေတယ်။ ဆန်ကွဲထွက်နှုန်းလည်း နည်းလာတယ်။ အရည်အသွေးကောင်းတော့ စျေးကွက်လည်း ပိုရတယ်” ဟု ဆန်စက်ပိုင်ရှင်က ပြောသည်။

၎င်းပိုင်ဆန်စက်တွင် ယခုနှစ်တွင် မျုုိးသန့်စပါးတင်း ငါးသောင်းခန့်ကြိတ်ရသည်ဟု ဆိုသည်။

အဟန့်အတားများ

မျိုးကောင်းမျိုးသန့် ပိုမိုစိုက်ပျိုးလာရေး ကြိုးပမ်းချက်တွင် အခက်အခဲတချို့လည်း ရှိနေသည်။ 

ရတနာဧရာက  နှစ်စဉ် မျိုးသန့်စပါးတင်း ရ,ဝဝဝ မှ ၈,ဝဝဝ ကြားထုတ်လုပ်သည်။စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ စုပေါင်းထုတ်လုပ်မှုမှာတင်း ၁၇,၅ဝဝခန့်သာ ရှိနေသည်။ ဒေသမျိုးများထက် တစ်တင်းလျှင် ကျပ် ၁,ဝဝဝ မှ ၃,ဝဝဝခန့်အထိ စျေးပိုများနေသေးသည်။ အထွက်နှုန်းနှင့် ရောင်းချသည့်အခါ ရရှိသည့် စျေးပိုရသည်ဟူသောအချက်ကို တောင်သူတချို့က မယုံကြည်ကြသေးကြောင်း ရတနာဧရာမှ ကိုသက်နောင်စိုးက ပြောသည်။

“စျေးနှုန်းကလည်း နှောင့်နှေးမှုဖြစ်စေတဲ့ အချက်တစ်ချက်ထဲမှာ ပါနေတုန်းပဲ” ဟု၎င်းက ပြောသည်။

မျိုးသစ်သုံးစိုက်ပျိုးသည့်အခါတွင်လည်း စနစ်တကျ ဆောင်ရွက်ရန်လိုသည်။ သို့သော်လည်း တောင်သူတချို့က ပင်ခြားတန်းခြားစိုက်ပျိုးရမည်ဟူသော အချက်ကို မလိုက်နာနိုင်သေးပေ။ နည်းလမ်းဟောင်းအတိုင်း ပက်ကြဲပြီးစိုက်နေကြသူတို့၏ အကြောင်းပြချက်မှာ လယ်ယာလုပ်သားရှားပါးသည် ဟူသောအချက် ဖြစ်သည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ကိုတင်မောင်ရွှေက  မျိုးကောင်းမျိုးသန့် အသုံးပြုရန် အဆင်သင့် မဖြစ်ရသေးသည့် အကြောင်းရင်းမှာ စျေးနှုန်းမလိုက်နိုင်ခြင်း၊ ပြောင်းလဲရန် မစွန့်စားလိုခြင်းတို့ကြောင့် ဖြစ်ကြောင်းပြောသည်။

“ကိုယ်စိုက်နေကျမျိုးက အထွက်သေချာတယ်လေ။ အဓိကက နောက်တစ်မျိုးပြောင်းစိုက်လိုက်လို့ အဆင်ပြေပါ့မလား၊ အထွက်နှုန်းနည်းသွားရင်ရော ဆိုတဲ့စိတ်ကရှိနေတာ” ဟုကိုတင်မောင်ရွှေက ပြောသည်။

မျိုးစပါးထုတ်လုပ်ရာတွင် ဖြတ်သန်းရမည့် အဆင့်ဆင့်သော အရည်အသွေးစစ်ဆေးမှု လုပ်ငန်းစဉ်များကို ရတနာဧရာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိန်သန်းက ဆိုသည်။၂ဝ၁၉ နောက်ပိုင်းတွင် အဆိုပါ လုပ်ငန်းစဉ်များကို မျိုးထုတ်တောင်သူတို့ ဆက်လက် လုပ်ကိုင်နိုင်ရေးအတွက် ရေရှည်အစီအစဉ်ရေးဆွဲရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

မျိုးသန့် ရရှိရေး ပြဿနာကို နေရာအများအပြားတွင် တွေ့နိုင်သည်။ မြစ်ဝကျွန်းပေါ်ဒေသ၏ အိမ်နီးချင်း ရခိုင်ပြည်နယ််တွင် မျိုးကောင်းမျိုးသန့်စပါး လွန်စွာနည်းပါးနေကြောင်း ယမန်နှစ်က Myanmar Now နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ််စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က ပြောကြားခဲ့ဖူးသည်။

ရခိုင်ဒေသနှင့် နှိုင်းယှဉ်ပါက ဧရာဝတီက အခြေအနေကောင်းသည်။ နိုင််ငံ၏ စပါးကျီဟု တင်စားကြသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် မျိုးစေ့အခက်အခဲကို အထိုက်အလျောက် ကျော်လွှားနိုင်နေပြီဟု ဆိုရမည်။

အခက်အခဲတချို့ ရှိနေသော်လည်း ရေရှည်အကျိုးဖြစ်ထွန်းမည့်် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးမှာ လွန်စွာအရေးကြီးသည်ဟု သဘောပေါက်ထားကြောင်း လယ်ယာလုပ်သက်  ၂၅ နှစ်ခန့်ရှိနေပြီဖြစ်သည့် ဦးဝင်းဌေးက ပြောသည်။

“ဆုံးဖြတ်ပြီးပြီ၊ ရှေ့လျှောက်လည်း မျိုးသန့်ပဲ စိုက်တော့မယ်၊ တခြားတောင်သူတွေလည်း မျိုးုသန့်စိုက်ဖို့ တိုက်တွန်းမယ်” ဟု ဦးဝင်းဌေးက အားနှင့်မာန်နှင့်ပြောလိုက်သည်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly