မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ မမှန်မကန်နည်းဖြင့် ကြွယ်ဝချမ်းသာမှုအား ဒုတိယအကြိမ် စစ်မေးကြားနာ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ မမှန်မကန်နည်းဖြင့် ကြွယ်ဝချမ်းသာမှုအား ဒုတိယအကြိမ် စစ်မေးကြားနာ

ကွာလာလမ်ပူ၊ မေ ၂၄ ။         ။ မလေးရှားနိုင်ငံတွင် ဘဏ္ဍာငွေအရှုပ်တော်ပုံ ပေါ်ပေါက်သော နိုင်ငံတော်ရန်ပုံငွေလုပ်ငန်းကို ဦးစီးခြင်းနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က ယခုသီတင်းပတ်အတွင်း ဒုတိယအကြိမ်အဖြစ် အကျင့်ပျက်တိုက်ဖျက်ရေး ကော်မရှင် ရှေ့မှောက်တွင် မေ ၂၄ ရက်က အစစ်ခံသည်။

ယခု သီတင်းပတ်အစောပိုင်းက နိုင်ငံတော်ရန်ပုံငွေလုပ်ငန်း 1MDB ၏ အရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းအဖြစ် အာဏာပိုင်များက နာဂျစ်၏ ဇနီးဟောင်း ရို့စ်မန်းမန်ဆော အမည်ဖြင့် မှတ်ပုံတင်ထားသည့် နေအိမ်အဆောက်အအုံများကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ တန်ဖိုးပမာဏ များစွာရှိသော ဒေါ်လာထောင်သောင်းများစွာကို သိမ်းဆည်းရမိသည်။

ခြောက်နာရီကြာ စစ်ဆေးခံရသည့် ဝန်ကြီးချုပ်ဟောင်း နာဂျစ်က ကိုယ်ပိုင်အကောင်းဆုံး အရည်အချင်းဖြင့် မေးခွန်းများကို တုံ့ပြန်ခဲ့ကြောင်း မီဒီယာများသို့ ပြောသည်။

မေ ၉ ရက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော နာဂျစ်နှင့်အတူ ဇနီးဖြစ်သူတို့အား နာဂျစ်၏ ယခင်ဆရာဟောင်းဖြစ်သူ မဟာသီယာဦးဆောင်သော အစိုးရသစ်က ပြည်ပထွက်ခွာခွင့် တားမြစ်ထားသည်။

အာဏာတာဝန် ရယူပြီး ရက်ပိုင်းမှာပင် အစိုးရသစ်က အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာနှင့် အခြားငွေကြေး ဘီလီယံများစွာ ရယူသည်ဟု စွပ်စွဲချက်အချို့ရှိထားသော 1MDB မှ ရန်ပုံငွေများ အလွဲသုံးစားလုပ်မှုနှင့် ငွေကြေးခဝါချမှု စွပ်စွဲချက်များကို ပြန်လည်စုံစမ်းစစ်ဆေးလာခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်းက သတင်းတစ်ရပ်အရ နာဂျစ် တည်ထောင်သော အဆိုပါ 1MDB မှ ဒေါ်လာ ၆၈၁ သန်းသည် ၎င်း၏ ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ လွှဲပြောင်းထားကြောင်း အတည်ပြုပြောဆိုထားသည်။

နာဂျစ်ကမူ စွပ်စွဲချက်များကို ငြင်းဆန်ပြီး ဆော်ဒီအာရေဗျ မင်းသားတစ်ဦး လှုဒါန်းသော ငွေကြေးများသာ ဖြစ်ကြောင်း ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly