ကျောက်ချထားသော ဆီတင်ရေယာဉ်ပေါ်မှ လက်ကိုင်ဖုန်းများ ခိုးယူသူအား ရေကြောင်းတပ်ဖွဲ့မှ ဖမ်းဆီး

.

ဓာတ်ပုံ- အမှတ် (၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့

 

ရန်ကုန်၊ မေလ ၂၄ ။      ။ ရန်ကုန်မြစ်ကမ်းအနီး၊ ကျောက်ချရပ်နားထားသော မေတ္တာအဏ္ဏဝါဆီတင်ရေယာဉ်ပေါ်မှ လက်ကိုင်ဖုန်းများ ခိုးယူခဲ့သူအား အမှတ် (၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့မှ ယနေ့ မေလ ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အမှတ် (၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့မှ ယနေ့ မေလ ၂၄ ရက်၊ နံနက် ၂ နာရီ ၄၅ မိနစ်အချိန်ခန့် ရန်ကုန်မြစ် သုံးဆိုင် ရေပြင်သမ္မတကမ်းခြေအနီး ကင်းပုန်းဝပ်နေစဉ်   ကျောက်ချရပ်နားထားသော   မေတ္တာအဏ္ဏဝါဆီတင် ရေယာဉ်အနီး လှေငယ်တစ်စီးနှင့် လူတစ်ယောက်အား ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင် အဆိုပါ အမျိုးသားထံမှ လက်ကိုင်ဖုန်း ၃ လုံး၊ power bank တစ်ခု တွေ့ရှိခဲ့ပြီး အနီးရှိ ဆီတင်ယာဉ်ပေါ်မှ ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့မှ ရဲအရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

“ သူက အင်္ကျီဗိုက်ထဲမှာ ဒီအတိုင်းခိုးပြီး ထည့်ပြီးဆင်းလာတာ။ ဖောင်းနေတော့ အရာရှိက ဖမ်းလိုက်တော့ ဆိုတော့ ဖမ်းလိုက်တာပေါ့။ စစ်ဆေးတော့ ဘယ်ကခိုးလာတာလည်း ဆိုတော့   ရေယာဉ်ပေါ်ကဆိုပြီး ပြောတယ်။ ဒီအချိန်မှာတော့ သိတဲ့အတိုင်းပေါ့ကွာ။ လူတစ်ယောက် လှေတစ်စီးနဲ့ သွားနေတာ ဘာမှ ယုံကြည်စရာ အကြောင်းမရှိဘူးလေ။ ဒီကောင်တွေက လစ်ရင်လစ်သလို ခိုးတာပေါ့ကွာ။ မလစ်ရင်တော့ ငါးမျှားတာတို့ ငါးဖမ်းတာပေါ့။ လျှောက်ပြောနေတာ ဒီကောင်တွေက။ အမှန်ကတော့ ရှင်းရှင်းပြောရရင် လစ်ရင် လစ်သလို လုပ်စားနေတဲ့ကောင်တွေ ”ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

ထိုသို့ တွေ့ရှိခဲ့သည့် လက်ကိုင်ဖုန်းများကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် အမျိုးသားနှင့် အတူ ဆိပ်ကမ်းမြို့မရဲစခန်းသို့ သွားရောက်အပ်နှံထားကြောင်း သိရသည်။