လွှတ်တော်၌ လေးလကြာ မေးမြန်းထားသည့်မေးခွန်းကို ဝန်ကြီး မဖြေနိုင်

လွှတ်တော်၌ လေးလကြာ မေးမြန်းထားသည့်မေးခွန်းကို ဝန်ကြီး မဖြေနိုင်

ရန်ကုန် ၊ မေ ၂၄ ။        ။ လွှတ်တော်ကိုယ်စားလှယ်က အချိန်ကာလလေးလနီးပါးကြာ မေးမြန်းထားသည့်မေးခွန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးက တိကျစွာ ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိခဲ့သည်ကို ယနေ့ မေလ ၂၄ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ဆဋ္ဌမပုံမှန်အစည်းအဝေး ၃၂ ရက်မြောက်တွင် တွေ့မြင်ခဲ့ရသည်။

ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး မေးမြန်းခဲ့သည့် မေးခွန်း(၄) ခုအနက် မေးခွန်း (၁) ခုကိုသာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

“(၁)ရန်ကုန်တိုင်းဒေသကြီး အစိုးရ စီမံခန့်ခွဲမှုရှိသည့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လှိုင်မြစ် ၊ ပန်းလှိုင်မြစ်နှင့် သမ္မတကမ်းခြေတစ်လျှောက်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ကုန်ပို့စက်ယာဉ်/တွဲယာဉ် အဟောင်းများ ဒလမှော်စက်ဝန်းကျင်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝဌာနခွဲရှိ စက်ရေယာဉ်အဟောင်းများ စက်ရှိ၊ စက်မဲ့တွဲရေယာဉ်များအား ရှင်းလင်းအောင် မည်သို့စီမံဆောင်ရွက်ထားပါသနည်း ၊ (၂) သဘောင်္တွေရဲ့ တွဲယာဉ်နံပါတ်တွေကို မည်သို့ပြန်လည်ထုတ်ပေးပါသနည်း၊ (၃) သင်္ဘောအဟောင်းအပျက်များကို သံထည်အဟောင်းစျေးဖြင့် လေလံတင်ထုခွဲရောင်းချသည့်အခါ လိုင်စင်ပါထည့်သွင်းရောင်းချပါသလား၊ (၄) တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲခွင့်ရှိသည့် ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ပုဂ္ဂလိကသို့ငှားရမ်းထားသော တွဲယာဉ် မည်မျှရှိ၍ တစ်နှစ်လျှင် ငှားရမ်းခနှုန်းထား မည်မျှဖြင့် ငှားရမ်းထားပါသနည်း” ဟု ပန်းဘဲတန်းမြို့နယ်် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေးခွန်းများအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ပေးပို့ထားခြင်းဖြစ်ပြီး ယင်းမေးခွန်းကို ယနေ့ ပြန်လည်ဖြေဆိုချိန်တွင် အချိန်ကာလအားဖြင့် လေးလနီးပါးမျှ ကြာမြင့်နေပြီလည်း ဖြစ်သည်။

“ဝန်ကြီး ဒီနေ့ဖြေတာက မြစ်ကြောင်းထဲမှာ ယာဉ်တွေကို ရှင်းလင်းတယ်။ လေလံပစ်ထုခွဲရောင်းချတယ်။ ဒါဘဲဖြေတာပါ၊ ကျွန်တော်တို့မေးချင်တာက ဒီလိုထုခွဲရောင်းချရင် မော်တော်ယာဉ်တွေလိုပဲ လိုင်စင်တွေအရေးကြီးပါတယ်။ တကယ့်အရေးကြီးတဲ့မေးခွန်းက သုံးခုပါ။ ဒီမေးခွန်းသုံးခုမဖြေတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်” ဟု လွှတ်တော်၌ မေးခွန်းမေးမြန်းခဲ့သည့် ပန်းဘဲတန်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

ယင်းမေးခွန်းများအနက် မေးခွန်းနံပါတ်(၁)ကိုသာ ဝန်ကြီး ဒေါ်နီလာကျော်မှ ပြန်လည်ဖြေဆိုခဲ့ပြီး ကျန်ရှိသည့် မေးခွန်းများကို “ဌာနဆိုင်ရာကို ပြန်လည်မေးမြန်းပြီး လွှတ်တော်ကိုယ်စားလှယ်ထံ ပြန်လည်ပေးပို့ဖြေကြားပါမည်” ဟုသာ အဖြေပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly