နိုုင်ငံတော်အကြည်ညိုပျက်စေမှှုဖြင့် တရားစွဲခံထားရသော စာရေးဆရာမောင်သွေးချွန်အား ဖမ်းဆီးထားခြင်း မရှိသေး

နိုုင်ငံတော်အကြည်ညိုပျက်စေမှှုဖြင့် တရားစွဲခံထားရသော စာရေးဆရာမောင်သွေးချွန်အား ဖမ်းဆီးထားခြင်း မရှိသေး

ရန်ကုန်၊ မေလ ၂၄ ။          ။ နိုင်ငံတော် အကြည်ညိုပျက်စေမှှုဖြင့် တရားစွဲခံထားရသော စာရေးဆရာမောင်သွေးချွန်အား မေလ ၂၄ ရက်၊ နံနက် ၁၂ နာရီထိ ဖမ်းဆီးထားခြင်းမရှိသေးသည့်အပြင် ၎င်းအား အကြောင်းကြားခြင်းလည်းမရှိသေးကြောင်း စာရေးဆရာ မောင်သွေးချွန်(ခ) ဦးမြင့်စိုးက မဇ္စျိမသို့ ပြောသည်။

စာရေးဆရာ မောင်သွေးချွန်ကို ဟောပြောပွဲတစ်ခုတွင် ပြောဆိုခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှှုဖြင့် အရေးယူပေးရန် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးနိုုင်နိုုင်ဇော်က တရားလိုပြု လုပ်ပြီး မေလ ၂၁ ရက်နေ့တွင် မင်းကင်းမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဦးတိုက်လျှောက်ထားခဲ့ရာ မြို့နယ်တရားသူကြီးက အမှုအား လက်ခံခဲ့ပြီး စာရေးဆရာမောင်သွေးချွန် အား ဖမ်းဆီးရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့ထံ ဖမ်းဝရမ်းထုတ်ပေးထားကြောင်း သိရသည်။

“ အဲ့ဒါတွေက တစ်ဖက်က မခိုင်မာတဲ့သတင်းတွေနဲ့ သူတို့ဖြစ်စေချင်တာတွေ ထုတ်လွှင့်နေတာပေါ့ဗျာ။ ကျွန်တော်တို့ကို နစ်နာစေချင်တဲ့သူတွေ၊ ကျွန်တော်တို့ကို မနာလိုမရှုစိမ့်တဲ့သူတွေက မဟုတ်မမှန်တဲ့ သတင်း တွေ ထုတ်လွှင့်နေတယ်။ တကယ့်တကယ်က အမှုကတော့ ရှိကောင်းရှိလိမ့်မယ်။ သို့သော် ကျွန်တေ်ာကိုတော့ တရားရုံးကသော်လည်းကောင်း၊ ပြည်သူ့ရဲကသော်လည်းကောင်း၊ ထွေအုပ်ကသော်လည်းကောင်း ဘယ်သူမှ ကလာပြီး မဆက်သွယ်သေးဘူး။ ဘာမှမရှိသေးဘူး။ လုံးဝမရှိသေးဘူး”ဟု စာရေးဆရာ မောင်သွေးချွန်က ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က မင်းကင်းမြို့နယ်တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲတစ်ခု တွင် စာရေးဆရာမောင်သွေးချွန်က ပြည်ထောင်စုလွှတ်တော်နှစ်ရပ်လုံးရှိ ဥက္ကဋ္ဌနှစ်ဦးစလုံးမှာ ဗုဒ္ဓဘာသာဝင် များရှိပါလျှက် ခရစ်ယာန်ဘာသာဝင်များအား ရွေးချယ်တင်မြှောက်ထားပြီး မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာများ ပျောက်ကွယ်တော့မည် အနေအထားမျိုးထည့်သွင်းဟောပြောသွားခဲ့သဖြင့် ယခုကဲ့သို့ အမှုဖွင့်ထားခြင်းဖြစ် ကြောင်း မင်းကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောသည်။

အဆိုပါ မတ်လ ၂၅ ရက်နေ့ ဟောပြောပွဲတွင် အမှန်တကယ်ဟောပြောမည့်သူမှာ ဆရာတော် ဦးဝီရသူဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမည့် စကားလုံးအသုံးအနှုန်းများ ဟောပြောချက်တွင် မပါဝင်စေရန် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက ပွဲစီစဉ်သည့် ဆရာတော်အား သတိပေးလျှောက်ထားခဲ့ကြောင်း သိရသည်။

“ အဲ့ဒီ ၂၅ ရက်နေ့မှာတော့ ဆရာတော် ဝီရသူကတော့ သူကိုယ်တိုင်က ကျွန်တော်လျှောက်ထား ထားတဲ့ အပေါ်မှာ သူက လေးစားလိုက်နာပါတယ်။ သူဘာမှ ပေါက်ခွဲပြောဆိုတာတွေ မရှိခဲ့ပါဘူး။ သို့သော် သူ့ရှေ့က နေပြီးတော့ ပြောသွားတဲ့ မောင်သွေးချွန်ကနေပြီးတော့မှ နိုင်ငံတော်သမ္မတအပါ ပြည်ထောင်စုလွှတ်တော် နှစ်ရပ်စလုံးပေါ့ဗျ။ ပြည်သူ့လွှတ်တော်ရော အမျိုးသားလွှတ်တော်ရော ဥက္ကဋ္ဌနှစ်ဦးစလုံးဟာ ဗုဒ္ဓဘာသာဝင် တွေရှိပါလျက် ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲနဲ့ ခရစ်ယာန်ဘာသာဝင်တွေကို ရွေးချယ်တင်တယ်ဆိုပြီးတော့ အဲ့ဒီဟာကို မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာပျောက်တော့မယ့်အနေအထားမျိုးထိ သူက ဒါမျိုးထည့်ပြီး ဟောပြော သွားတာပါ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောသည်။

လူမှုကွန်ယက် Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်တွင် “လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်လုံုးဟာ ခရစ်ယာန်တွေ ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာတွေ အနားကပ်လို့ မရတော့ဘူး။ ကျွန်တော်တို့တောင်းဆိုခဲ့တဲ့ မျိုးစောင့် ဥပဒေတွေ လွှတ်တော်ထဲမှာ မကြာခင် ဖျက်သိမ်းကောင်း ဖျက်သိမ်းခံရတော့မယ်။ ဒုသမ္မတ တစ်ယောက်က လည်း ခရစ်ယာန်၊ ခရစ်ယာန်တွေ ဘေးနားမှာလည်း မွတ်စလင်ကုလားတွေ ဝိုင်းထားတယ်။ ခရစ်ယာန်နဲ့ မွတ်စလင်တွေ ပေါင်းပြီး ဗုဒ္ဓဘာသာကိုု အမြစ်ပြတ်အောင် လုပ်တော့မယ်” ဟု စာရေးဆရာ မောင်သွေးချွန်က ဟောပြောခဲ့ခြင်း ဖြစ်သည်။

“ ဒီဟာက ပထမဆုံးလည်းမဟုတ်ဘူး။ ကျွန်တော်ပြောခဲ့တာတွေလည်း များပြီ။ ရေးခဲ့တာတွေလည်များပြီ။ ရေးခဲ့တာတွေဆိုရင် အခုပြောတာထက်ကို ပိုပြီးတော့ တချို့နေရာတွေ ပြင်းထန်သေးတယ်။ ပိုပြီးများ သေးတယ်။ ဒီဟာကျမှ သူတို့က ပြဿနာရှာတယ်ဆိုရင်တော့ လွတ်လပ်စွာပြောဆိုခွင့် ဒီမိုကရေစီရဲ့ အနှစ်သာရတွေ အကုန်ပျက်စီးကုန်ပြီပေါ့။ ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရေးလို့ ပြောပြီးတော့မှ လူတွေကို မကြောက်ကြောက်အောင် ခြိမ်းခြောက်နေတာနဲ့တူမှာပေါ့”ဟု စာရေးဆရာ မောင်သွေးချွန်က ပြောသည်။

စာရေးဆရာ မောင်သွေးချွန်မှာ အစိုးရက တရားမဝင်အသင်းအဖြစ်ကြေညာပြီး ဖျက်သိမ်းလိုက်သည့် အမျိုးဘာ သာ၊ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့တွင် ဦးဆောင်အပိုင်းတွင် ပါဝင်ခဲ့ပြီး မဘသကမှ ထုတ်ဝေ သော မဂ္ဂဇင်းဂျာနယ်များတွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly